Skip to main content

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

နေပြည်တော် ဖေဖော်ဝါရီ ၉

နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ခွင့်ပြု ပေးသွားမည်ဖြစ်ရာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများနိုင်ရေးနှင့် ဘုရား၊ စေတီပုထိုးများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ တာလေမြို့နှင့် မိုင်းယောင်းမြို့တို့ရှိ သမိုင်းဝင် တန်ခိုးကြီး ဘုရား၊ စေတီပုထိုးများ၌ ဘုရား ရင်ပြင်တော်များ၊ ကျောင်းဆောင် အဆောက်အအုံများ၊ ဝင်လမ်း၊ ထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၌ ကောင်းမှုကုသိုလ် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းများကို ဆောင်ရွက်ကြရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တို့ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်ဆိုင်ရာ ဘုရား၊ စေတီပုထိုးများ၌ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်