Skip to main content

တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် လေးဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၉

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှစ၍နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများတွင် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသည့် မြို့နယ်များတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၇၆×၇၈ လမ်းကြားတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ဆူပူဆန္ဒပြသူ ၂၀၀၀၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်သူများကို လူစုခွဲရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့ရာ ဆူပူဆန္ဒပြသူ များက ပြန်လည်ဆဲဆိုခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ရန်စခြင်းများ ပြုလုပ်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူ အကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ လူစုခွဲ ဆောင်ရွက်ခဲ့ရာ ဆန္ဒပြသူများအနက် လူအင်အား ၂၀၀၀ ခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲ၊ အုတ်ခဲများ၊ ထိခိုက်ဒဏ်ရာ ရစေနိုင်သော အရာဝတ္ထုများဖြင့် ပြင်းပြင်းထန်ထန် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း။

ထိုသို့ ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ပြီး လုံခြုံရေး ယာဉ်များထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးလုပ်ငန်း များကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်