နေပြည်တော် ဖေဖော်ဝါရီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်တွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်အတူ ပျဉ်းမနားမြို့နယ်ရှိ GAP စံပြစိုက်ကွင်းကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြစီမံကိန်း လုပ်ငန်းများနှင့် ပေတော ဥစားကြက် မွေးမြူရေးခြံ ကိုလည်းကောင်း၊ ငလိုက်ရေလှောင်တမံနှင့် ဆည်ရေသောက် စနစ်များကိုလည်းကောင်း လေ့လာကြည့်ရှုပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက လယ်ယာစိုက်ပျိူးရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနသည် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ လယ်ယာလုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဒေသနေ ပြည်သူများ မိမိရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်စွမ်း ရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ၊ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှ ဝင်ငွေ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး အတွက် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာစေရန် ကျေးလက်နေ လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ အသက်မွေးဝမ်းကျောင်း ပညာများ ကျွမ်းကျင်စွာ တတ်မြောက်ရေး၊ ဒေသအလိုက် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ပူးပေါင်း အထူးအလေးထား စီမံဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
အလားတူ လယ်ယာကဏ္ဍတွင်လည်း GAP , GAqP , GAHP စသည့် ခေတ်မီ နည်းစနစ်များ အသုံးပြုနိုင်ရန်၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရန်၊ ဝင်ငွေနှင့် အကျိုးအမြတ် ပိုမိုရရှိမည့် သီးနှံအမယ်သစ်များ ပြောင်းလဲ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများ၊ တောင်သူများပူးပေါင်း၍ ခေတ်မီ စိုက်ပျိုးမွေးမြူရေးစနစ် ထူထောင်ဆောင်ရွက်ပြီး ပြည်တွင်း ပြည်ပ စျေးကွက် ရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP ကျင့်စဉ်နှင့် အော်ဂဲနစ်စိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုး ထုတ်လုပ်သူများက စိတ်ဝင်တစား လုပ်ကိုင်လာမှုများ ရှိနေသကဲ့သို့ ယင်းထွက်ကုန်များ အပေါ် စားသုံးသူများနှင့် စျေးကွက်၏ တောင်းဆိုမှုများလည်း တိုးတက်လာလျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ စျေးကွက် ဖော်ဆောင်ရန် မဖြစ်မနေလိုအပ်သည့် အရည်အသွေးမြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်း GAP စံနမူနာပြ ဟင်းသီးဟင်းရွက် စိုက်ခင်းများကို ပျဉ်းမနားမြို့နယ်ရှိ GAP စံပြစိုက်ကွင်း၌ စိုက်ပျိုး ဆောင်ရွက်ပြသထားလျက် ရှိကြောင်း။
အဆိုပါ စံပြစိုက်ကွင်းများအနေဖြင့် နည်းပညာပေးလုပ်ငန်းများအပြင် ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်၊ သီးနှံအရည်အသွေး၊ စျေး ကွက် အခြေအနေ စသည့် စိုက်ပျိုးလုပ်ကိုင်သူများ သိရှိလိုသည့် သတင်းအချက်အလက်များကို စနစ်တကျ လေ့လာပြုစုပြီး အတွေ့အကြုံ ကောင်းများကို စိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာစီးပွား လုပ်ငန်းများသို့ ရောက်ရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုကြောင့် ယခုနှစ်တွင် ဆည်များ ရေဝင်ရောက်မှု လျော့နည်းကျဆင်းလာသဖြင့် ရေအလေအလွင့်မရှိ အသုံးချနိုင်ရန်၊ ရေသောက်စနစ်များ အဆင့်မြှင့်တင်ရန်၊ တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ရေသုံးစွဲသူများအဖွဲ့ (WUG) များ၊ ရေသုံးစွဲသူများအသင်း (WUA) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန်၊ သက်တမ်းရင့် ဆည်တမံ ကြီးများ၏ လုံခြုံစိတ်ချရမှု မြှင့်တင်ရန်၊ ပင်မရေပေးမြောင်းကြီးများနှင့် လက်တံမြောင်းများ ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဝင်ငွေပိုမိုရရှိစေနိုင်မည့် နည်းလမ်းများကို ဖော်ဆောင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)