Skip to main content

ရွာငံမြို့နယ်တွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးထားသော ယုံဗွေကွမ်းသီးခြံ အနားယူအပန်းဖြေ နိုင်သည့် ခရီးသွားနေရာတစ်ခုဖြစ်လာ

ရွာငံ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် နှစ်ရှည်ပဒေသာပင် စိုက်ပျိုးထားသော ယုံဗွေ ကွမ်းသီးခြံမှာ အနားယူ အပန်းဖြေနိုင်သည့် ခရီးသွားနေရာတစ်ခုဖြစ်လာကြောင်း သိရသည်။ တောင်ပေါ် ဒေသဖြစ် သော်လည်း ရေငွေသဖွယ် ရှိသော ရေထွက်ပေါက်မှ ရေများထွက်ရှိကာ အဆိုပါနေရာကို အကြောင်းပြု၍ ရေငွေမှတစ်ဆင့် ယုံဗွေဟု ခေါ်တွင်လာ ကြောင်း ဒေသခံ များထံမှ သိရသည်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ခန့်ရှိသည့် အပင်ကြီးများနှင့်အတူ သက်တမ်းငယ် အပင်ပျို များဖြင့် တစ်ဝန်းတည်း တည်ရှိကာ ရေတံခွန် စိမ့်စမ်းများဖြင့် သာယာလှပသော နေရာတစ်ခု ဖြစ်သည်။ ယုံဗွေ ကွမ်း သီးခြံသည် ဘိုးစဉ်ဘောင်ဆက်မှစ၍ မိသားစုအဆက်ဆက် လုပ်ကိုင်လာ ကြသည့်ဥယာဉ်ခြံကြီး ဖြစ်ပြီး စီးပွား ဖြစ်လုပ်ကိုင်ကြသည်။

တပင်ပျော်နှင့် ငှက်သောက် ကျေးရွာသည် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြပြီး အိမ်ခြေ ၁၆၀ ခန့် ရှိသည်။ ကျေးရွာအတွင်း ကွမ်းသီးပင်  မရှိသူများနှင့် လာရောက်လည်ပတ် သည့် ခရီးသွားများကို ကြွေကျသီးများကောက်ယူ ပေးထားခြင်းတို့ကြောင့် အပင်နှင့် အသီးများအား ဖျက်ဆီး ခိုးယူခြင်းများ မရှိဘဲ နှစ်ရှည်စိုက်ပျိုး  ထိန်းသိမ်းလာနိုင်ခဲ့ကာ ပဒေသာပင် ' အဖြစ် သတ်မှတ်ထားကြသည်။ ထူးခြားသည်မှာ ဧက ၅၀၀ ခန့် ကျယ်ဝန်းသော ကွမ်းသီးခြံကြီးမှာ သူ့အပိုင်၊ ကိုယ့်အပိုင်အဖြစ် ခြံစည်းရိုး များ ကာရံထားခြင်းမရှိဘဲ ကွမ်းသီးပင် အမှတ်အသား များဖြင့်သာ ပိုင်ဆိုင်မှုကို သတ်မှတ်ထားကြသည်။ ခြံဝင်းအတွင်း လည်ပတ်စရာ ပေါများပြီး ရေတံခွန် များနှင့်အတူ စမ်းချောင်းလေးများ၊ ရေအိတ် (ခေါ်) ရေကူးကန်များအပြင် သဘာဝ ရေလွှဲမောင်းဖြင့် စပါးထောင်းနေပုံ၊ ကရက်နီရေချောင်း အလှတို့ကြောင့် ရေကစားသူများ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အနားယူအပန်းဖြေကြကာ စည်ကားလျက်ရှိသည်။ ကွမ်းသီးခြံသို့ သွားရောက်လည်ပတ်ရာတွင် ရွာငံမြို့ မြောက်ဘက် ရေဦး-သိမ်ကုန်း-အင်းကြီး-ဒလပင်-ငွေတောင်-တပင်ပျော် ကျေးရွာများမှတစ်ဆင့် ယုံဗွေကွမ်းသီးခြံသို့လည်းကောင်း၊ ငှက်သောက် ကျေးရွာ မှလည်းကောင်း ခြေလျင်၊ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ပြီး ကွမ်းသီးပင် စိုက်ပျိုးမှု၊ ခူးဆွတ်မှု စုံလင်စွာ အပန်းဖြေအနားယူ လည်ပတ်နိုင်ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)