နေပြည်တော်၊ ဖေဖော်ဝါရီ ၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဦးစီးမှူးများသည် သက်ဆိုင်ရာ ဒေသရုံး အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တပ်မတော်က တာဝန်ယူပြီးနောက် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန် များအား လက်ရှိနိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနသည်ဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ရာတွင် သမားရိုးကျ လုပ်ငန်းများ အပြင် ပြည်သူ့အတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေ မည့် လုပ်ငန်းများ ကို စီမံချက်များရေးဆွဲချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် လုပ်ငန်းများ ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုကာလ တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းဆောင်ရွက်မှုများသည် ထင်သလောက် ခရီးမပေါက်ဘဲ နှောင့်နှေးရပ်တန့်သွားခဲ့ရပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းမှာပင် မိမိတို့ဌာန၏ဝန်ထမ်းများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလမတိုင်မီ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရပါ ကြောင်း။
ကိုဗစ်-၁၉ ရောဂါကြောင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ရှိ လူဝင်မှုစစ်ဆေးရေး ဂိတ်များအားလုံး အဝင်/အထွက် ကန့်သတ်ပိတ်သိမ်းထားကာ အထက်ဌာန အဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ ဝင်/ထွက်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယခုကာလတွင်လည်း အထက်ဌာန များ၏ အထူးခွင့်ပြုချက်ဖြင့်သာ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းများကို အလေး ထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်တွင်း သို့ ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက် လာသည့် နိုင်ငံခြားသားများကို ယခင်က ပြည်ဝင်ဗီဇာ (၁၄)မျိုးဖြင့် ဝင်ရောက်ခွင့်ပြု ပေးလျက်ရှိသော်လည်းယခုအခါ နိုင်ငံတော်၏ အထူးခွင့်ပြုချက်ဖြင့်သာ ခွင့်ပြုပေးသွားမည်ဖြစ်သဖြင့် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများ ကိုလည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်စပ်ဌာနများဖြင့်ပေါင်းစပ်ကာ မိမိတို့ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် MoU ပါ အချက်အလက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မိမိတို့ဌာနအနေဖြင့် ပြည်တွင်းနေထိုင်သူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံချက်ရေးဆွဲကာ ရပ်ကွက်/ကျေးရွာ အရောက်၊ စက်ရုံ/ အလုပ်ရုံအရောက်၊ စာသင်ကျောင်း များအရောက်၊ သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ ယခု မိမိတို့ဌာနဝန်ထမ်းများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပြောကြားလိုသည်မှာ ယခုအချိန်မှစ၍ နိုင်ငံအတွင်း နေထိုင်သူ နိုင်ငံသား၊ တိုင်းရင်းသားအားလုံး ၎င်းတို့၏ နိုင်ငံသား အရည်အချင်း ဖြစ်တည်မှုပေါ် မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိရေးအတွက် စစ်ဆင်ရေး တစ်ရပ်အသွင်သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အလေးအနက်ထား ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ပြီး မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်း မရှိသူများအတွက် နိုင်ငံသားစိစစ်နိုင်ရန် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားကြရန်နှင့် ၎င်းတို့၏ နိုင်ငံသားစိစစ်မှုကိုလည်း အဆင့်ဆင့်ဆက်လက်တင်ပြ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်တည်မှု အရည်အချင်းပေါ်မူတည်၍ ကာယကံရှင်များထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ခံရမည့်သူများသည် မည်သည့်အထောက်အထား လက်မှတ်မျှ မပါရှိဘဲ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်လျက်ရှိရာ ယင်းကဲ့သို့ ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူအပြစ်ပေး ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ထိထိရောက်ရောက် တိတိကျကျ ဆောင်ရွက် ကြရန် အရေးကြီးပါကြောင်း၊ ဌာန၏လုပ်ငန်း တာဝန်တစ်ခုဖြစ်သော ပြည်သူ့အင်အား စာရင်း ကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ကောက်ယူထားသည့် လူဦးရေစာရင်းဇယားများ တိကျ မှန်ကန်ရေးနှင့် သတ်မှတ်စာရင်းဇယားများ အချိန်မီတင်ပြ ဆောင်ရွက် နိုင်ရေး အလေးထား ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းအားလုံးသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် အတွက် ဌာနဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများကို ပေါ့ပေါ့ဆဆ မလုပ်မိကြစေရန်နှင့် အလေး အနက်ထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လက်ရှိအခြေအနေကို သဘောပေါက်နားလည်ပြီး ဌာန၏ရည်မှန်းချက်တာဝန်များကို အထက်ဌာနအဆင့်ဆင့်၏ ညွှန်ကြား ချက်များကိုတိကျစွာအလေးအနက်ထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ လုပ်ငန်းဆိုင်ရာအခက်အခဲနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးပေးကြရန် တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ယခုအခါ နိုင်ငံတော်တွင် အရေးပေါ်ကာလ သတ်မှတ်ထားသည်နှင့်အညီ နိုင်ငံခြားသား ထိန်းသိမ်း ရေးလုပ်ငန်းကို အလေးထားဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေး၊ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် စစ်ဆင်ရေး တစ်ရပ်အသွင် အလေးအနက်ထား ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် တင်ပြဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်