Skip to main content

အစိုးရိမ်လွန်စရာမရှိ သတိကြီးစွာဖြင့်...

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ်ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေအတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည် ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။

ထိုအစီအစဉ်များအရ လွန်ခဲ့သောရက် ၂၇ ဇန်နဝါရီ ၂၀၂၁ နေ့က ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံနေပြီဖြစ်ပါသည်။

နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံရာသို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေးသည်ကို သတင်းများတွင် တွေ့ရပါသည်။

ကိုဗစ်-၁၉ ရောဂါသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ၏ ကိုယ်တွင်းသို့ ဝင်ရောက်လာပြီး လူ၏ အသက်ရှုလမ်းကြောင်းကို တိုက်ခိုက် အန္တရာယ်ပြုပါသည်။ ထိုသို့အန္တရာယ်ပြုခံရပြီဆိုလျှင် ခံစားရ သည့် ဝေဒနာပြင်းထန်လေ့ရှိ၏။ အချို့သော မူလရောဂါအခံရှိသူ များဆိုလျှင် အသက်အန္တရာယ်ကို ထိခိုက် ဆုံးရှုံးရသည်ထိ ဖြစ်လေ့ ရှိသည်။ ထိုသို့ရောဂါဖြစ်ပွားပြီ၊ ဗိုင်းရပ်စ်ပိုး၏ တိုက်ခိုက်မှုကို ခံရပြီဆိုလျှင် ကုသရန်အတွက် တိကျသေချာသော ဆေးဝါးများ မပေါ်ပေါက်သေး။

နိုင်ငံတကာ ဆေးသုတေသန အဖွဲ့ကြီးများနှင့် ဆေးကုမ္ပဏီတို့ ပူးပေါင်းပြီး ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုမူ ထုတ်လုပ်လာနိုင်ပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ထိုကာကွယ်ဆေးများကို စတင်အသုံးပြထိုးနှံနိုင်ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပြီ ဖြစ်သည့်အတွက် နိုင်ငံအချို့တွင် စတင်ထိုးနှံနေပြီပါသည်။ မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ အဦးအစပိုင်းတွင် စတင် ကာကွယ်ဆေးထိုးနှံနိုင်သည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ရောဂါပြန့်ပွားမှုနှုန်း အလွန်မြန်ဆန် များပြားနေသည့်အတွက် အရေးပေါ် စမ်းသပ်စစ်ဆေး ထုတ်လုပ်ရသည်ဖြစ်ရာ၊ နိုင်ငံတစ်ခုလုံးရှိ ပြည်သူလူထု အားလုံးကို ခြုံငုံထိုးနှံနိုင်မည့် အနေအထား မရှိသေး။ မြန်မာနိုင်ငံက နည်းပညာနှင့်ဓနဥစ္စာ မြင့်မားသည့် နိုင်ငံတစ်ခုလည်း မဟုတ်သေးသည့်အတွက် ယခုကဲ့သို့ စတင်ထိုးနှံနိုင်ဖို့ဆိုသည်ကပင် လွယ်ကူ =လှသည် မဟုတ်ပါ။ စီစဉ်ပြင်ဆင် စီမံခန့်ခွဲသည့် နိုင်ငံတော်အစိုးရ၏ ကြိုတင် မြော်မြင်အားထုတ်နိုင်မှု ဝါယမစိုက်ထုတ်မှု အင်အားတို့ကြောင့်သာ ယခုလို စောလျှင်စွာ စတင်ထိုးနှံနိုင်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စိုက်ထုတ်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် လိုအပ်သမျှ ကာကွယ်ဆေးများကို ဝယ်ယူရရှိနိုင်ရန် ပြင်ဆင် သဘောတူထားပြီးဖြစ်သော်လည်း ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်သမျှကို ထုတ်လုပ်နိုင်မှုမရှိသေးသည့်အတွက် နိုင်ငံသား ပြည်သူအားလုံးအတွက် ခြုံငုံမိနိုင်ရန် အချိန် ကာလတစ်ခု စောင့်ဆိုင်းကြရမည် ဖြစ်ပါသည်။

ထို့ပြင် ကာကွယ်ဆေး၏ အာနိသင်နှင့် မည်မျှလောက် အချိန်ကြာမြင့်သည်ထိ ထိရောက်စွာ ကာကွယ်နိုင်မည်ဆိုသည်ကိုလည်း ယတိပြတ် ပြောဆိုရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။ သည့်အတွက် နိုင်ငံတကာတွင်လည်း ကာကွယ်ဆေးထိုးပြီးသည်နှင့် လုံးဝ စိတ်ချရပြီဟုဆိုကာ ကျန်းမာရေးဆိုင်ရာ အခြေခံ ကာကွယ်ရေး စည်းမျဉ်း များကို လစ်လျူရှုထားရန် မသင့်သေးကြောင်း ကြေညာထားပါသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက်မှုနှုန်း တဖြည်းဖြည်း ကျဆင်းလာနေပြီဖြစ်ပါသည်။ ယင်းသို့ ကျဆင်းလာနေမှုကို ဆက်လက်ထိန်းသိမ်းထားကြရန် လိုပါမည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံကြီးများတွင် ကာကွယ်ဆေး စတင်ထိုးနှံနေသည့်ကြားက မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး၏ ပျံ့နှံ့မှုမြန်ဆန်မှုကြောင့် ကူးစက်ပြန့်ပွားနှုန်း များပြားနေဆဲဖြစ်သည်ကို သတိပြုသင့်ပါသည်။

အချုပ်ကိုဆိုရလျှင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုက ရှိနေဆဲ ဖြစ်၏။ လူတိုင်း ကာကွယ်ဆေး ထိုးနှံနိုင်ရန် ချက်ချင်း မဖြစ်နိုင် သေးသော်လည်း ကာကွယ်ထိန်းချုပ်နိုင်သည့် အနေအထားတစ်ခု တွင် ရှိနေပါ၏။ ယင်းအတွက် ပြည်သူလူထုသည် စိုးရိမ်လွန် ပူပန်မှု ဖြစ်ရန်မလိုအပ်သော်လည်း သတိကြီးကြီးဖြင့် ဗိုင်းရပ်စ် ကာကွယ်ရေး အခြေခံစည်းမျဉ်းများဖြစ်သည့် လက်ကိုမှန်မှန်နှင့် စနစ်တကျဆေးရန်၊ လူစုလူဝေးရှောင်ရန်၊ လူချင်းဆက်ဆံရာတွင် ခြောက်ပေကွာမှာ နေရန်၊ အပြင်ထွက်လျှင် နှာခေါင်းနှင့် ပါးစပ် စည်း၊ မျက်နှာဖုံးအကာများ တပ်ဆင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။