နေပြည်တော် ဇန်နဝါရီ ၁၉
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေး ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
အစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Luo Zhaohui ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် Mr. Masud Bin Momen ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် ပို့ဆောင်/ လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ဆောလျင် စွာ အကောင်အထည် ဖော်ရန်အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် အနီးတွင် ရောက်ရှိနေသူများအား ပြန်လည် နေရာချထားရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအနက် ဟိန္ဒူဘာသာဝင်များ အပါအဝင် စိစစ်ပြီးသူများအား ပြန်လည် ပို့ဆောင်/ လက်ခံရေးစသည့်ကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်အစည်း အဝေးများ ဆက်လက်ကျင်းပသွား မည်ဖြစ်၍ ပြန်လည်ပို့ဆောင်/ လက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ သဘောတူညီချက်များနှင့် အညီ ဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြသည်။
ယင်း အစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာသွားသူများ ပြန်လည် ပို့ဆောင်/ လက်ခံရေး ဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲ များကို ကျော်လွှားဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘော တူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်နာ ဆောင်ရွက်စေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေး အတွက် သဘောတူညီချက်များပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ၍ ပြန်လည် လက်ခံရန် အသင့်ပြင်ဆင် ထားပြီးဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ ကြောင်း စိစစ်ပြီးသူများအား ပြန်လည် လက်ခံရန် ရှေ့ပြေးစမ်းသပ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတွင် ပါဝင်သူများဖြင့် ပြန်လည် လက်ခံရေး ကို စတင်နိုင်ကြောင်း၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသူများ နေထိုင်သည့် စခန်းများတွင် ရောက်ရှိနေပြီးနေရပ် ပြန်လိုကြောင်း ထုတ်ဖော်ပြောကြား ပြီးဖြစ်သည့် ဟိန္ဒူဘာသာ ဝင်များအား ဆောလျင်စွာ ပို့ဆောင်ပေးစေလို ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်အနီး ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို ပြန်လည် နေရာချထားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပြန်လည်ဝင်ရောက် လာသူများသည် မိမိသဘောဆန္ဒ အလျောက် ပြန်လိုသူဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း၊ နှစ်ဖက် သဘောတူညီထားသည့် သတ်မှတ်ပုံစံ တွင် လက်မှတ်ရေးထိုးရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန္ဒ အလျောက် နေရပ်ပြန်လိုသည့် နေရပ် စွန့်ခွာသူများအား ခြိမ်းခြောက် တားဆီး လျက်ရှိသည့် အကြမ်းဖက် အဖွဲ့အစည်းများကို ဖော်ထုတ်၍ တားဆီးပေးရန် တိုက်တွန်းကြောင်း နှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ချောမွေ့စေရေးအတွက် တရုတ်နိုင်ငံ က ကူညီပေးမှုများအပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်