ပုသိမ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငလျင်ဘေးနှင့် မီးဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သဘာဝဘေး ငလျင်ဒဏ် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်း ဦးဆောင်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးဝန်း၌ ကျင်းပသည်။
ရှေးဦးစွာ သဘာဝဘေး အင်အားပြင်းထန်သော ငလျင်တစ်ခုဖြစ်ပွားလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရလျှင်ရခြင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြ ဆောင်ရွက်ကြသည်။
သရုပ်ပြတပ်ဖွဲ့မှ ဖြစ်ပေါ်လာသည့် မီးလောင်မှုနှင့် ငလျင်လှုပ်လတ်မှု အခြေအနေကို မျက်မြင်မြင်တွေ့ရမှု အခြေအနေအပေါ် ဆောင်ရွက်ခြင်း၊ မြေပြင်အနေအထားပေါ်တွင် သုံးသပ်ပြီး အန္တရာယ်ကင်းဇုံ သတ်မှတ်၍ တာဝန်ခွဲဝေခြင်း၊ ဘေးဒုက္ခရောက်ရှိနေသော လူနာများကို ဦးစားပေး အဆင့်အလိုက် ရှာဖွေကယ်ဆယ် ရွေးထုတ်ခြင်း၊ ဘေးအန္တရာယ် ကျရောက်နေသည့် လူနာများ ကျန်ရှိမှု ရှိ၊မရှိကို ခေတ်မီရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကရိယာများဖြင့် စစ်ဆေးရှာဖွေခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့်အနေဖြင့် အပျက်အစီးများကို ယာဉ်/ယန္တရား အသုံးပြုရှင်းလင်း ခြင်းတို့ကို သရုပ်ပြကြသည်။
ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တည်နေရာအနေအထားအရ ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အပါအ၀င် အခြားသော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍လည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန စသည့် ဆက်စပ်ဌာန အဖွဲ့အစည်းများမှ ကြိုတင်ထုတ်ပြန်ချက်များအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အချိန်နှင့် တစ်ပြေးညီရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် မီးသတ် ဦးစီးဌာနများသို့ ညွှန်ကြားချက်များ ထုတ်ပြန်ကာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထုကို သတိပေးကြေညာခြင်းနှင့် ရှာဖွေကယ်တယ်ရေး အဖွဲ့များအား အသင့်ပြင် တင်ထားရှိစေခြင်း၊ ငလျင်ဘေး ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတကာ စံနှုန်းများအတိုင်း ကြိုတင်ဇာတ်လေ့ကျင့်ခြင်းများအား အဆက်မပြတ် ဆောင်ရွက်လျက် ရှိတာတွေ့ရှိရကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးအဆင့် ရှာဖွေ ကယ်ဆယ်ရေး တပ်ခွဲအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဖြစ်ပွား ကြုံတွေ့ရလေ့ရှိသည့် ဘေးအန္တရာယ်များကို ထိရောက်အောင်မြင်စွာ အချိန်နှင့်တစ်ပြေညီ တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေး အန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး စီမံချက်ကို နှစ်စဉ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ပြောသည်။
ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားသော ဘေးအန္တရာယ် အမျိုးမျိုးအတွက် အလားတူ လေ့ကျင့်ခန်းများကို အခါအားလျှော်စွာ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေး တပ်ခွဲအနေဖြင့် တိုင်းဒေသကြီးအတွင်း အချိန်အခါအလျောက် ဖြစ်ပေါ်လာနိုင်သည့် ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ရုတ်တရက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက အချိန်နှင့်တစ်ပြေညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်များ အလျင်အမြန် အကောင်အထည်ဖော် တုံ့ပြန်ဆောင်ရွက်နိုင်ရန် နည်းပညာများ၊ လူအင်အား၊ စက်ယန္တရားများ၊ ပစ္စည်းကရိယာများ ပြင်ဆင်ထားရှိခြင်း၊ မြို့နယ်အလိုက် ရှာဖွေကယ်တယ်ရေး အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ မိမိတို့ စွမ်းအားစုများကို အမြဲအသင့် ဖြစ်စေရေးအတွက် စီမံဆောင်ရွက် ထားစေလိုကြောင်း ပြောကြားပြီး သရုပ်ပြပွဲကို ရုပ်သိမ်းခဲ့သည်။
သရုပ်ပြပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ပြသထားသော မီးသတ်ငြိမ်းသတ်ရာတွင် အသုံးပြုသော စက်ပစ္စည်းများ ကို ကြည်ရှုခဲ့ကြသည်။
သရုပ်ပြပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
မောင်မောင်မြင့်(ပြန်/ဆက်)