Skip to main content

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ်  ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အနှစ်သာရရှိစွာ ကျင်းပမှာဖြစ်ပြီး၊ ယခင်နှစ်များနည်းတူ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ပြန်လည်ဖွဲ့စည်းသွားမည့် အခြေအနေနှင့်  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သည့်အတွက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအရ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကျင်းပခြင်းမပြုလုပ်ရေး၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေးနှင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ပူးပေါင်းဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားသည်။

ထို့နောက် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကော်မတီ ဝင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပုသိမ်မြို့၊ ကန်သာယာ (ပြည်ထောင်စုကွင်း) ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စည်းကမ်းသတ်မှတ်ချက်/ လမ်းညွှန်ချက်များနှင့် အညီ အောင်မြင်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်