လွိုင်ကော် ဇန်နဝါရီ ၁၅
ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက မူးယစ်ဆေးဝါး အန္တရာယ်သည် ကမ္ဘာ့လူသားအားလုံးအတွက် လူညွန့်တုံးစေ မည့် အန္တရာယ်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ မူးယစ်ဆေးဝါးကို တားဆီးကာကွယ်နိုင်ရေး ခေတ်အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာလ နှစ်(၂၀) စီမံချက်ဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ ကယားပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အမှုပေါင်း(၁၃၂)မှု ၊ တရာခံ ကျား(၁၉၇)ဦး ၊ မ (၁၆)ဦး ၊ စုစုပေါင်း (၂၁၃)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား (၁၁၆၇၇၀၀)ပြား ၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် အလေးချိန် (၀.၀၀၀၀၃) ကီလိုဂရမ် ၊ ဘိန်းဖြူ (၀.၀၃၁၅)ကီလိုဂရမ် ၊ ဘိန်းစိမ်း (၁.၇၃)ကီလိုဂရမ် ၊ ဘိန်းဆီခဲ (၀.၆) ကီလိုဂရမ် ၊ ဆေးခြောက် (၁.၀၁) ကီလိုဂရမ်နှင့် ခပ်ခူး (၀.၀၀၅)ကီလိုဂရမ် ၊ စုစုပေါင်းတန်ဖိုးငွေ (၂,၃၃၈,၀၀၂,၆၀၀) ကျပ်ခန့် ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒအသစ်၏ ရည်မှန်းချက်ဖြစ်သည့် “မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေး ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို အနိမ့်ဆုံးအဆင့်ထိ လျော့ချပြီး ကျန်းမာသော လူ့အသိုင်းအဝန်းတစ်ခု တည်ဆောက်ရေး” အတွက် အမျိုးသားရေး အသိစိတ်ဓါတ်ဖြင့် ပြည်သူအင်အားနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် ကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူတို့က မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ အား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရရှိသည့် ပုဂ္ဂိုလ်များ၏ကိုယ်စား ဘောလခဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)