နေပြည်တော် ဇန်နဝါရီ ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) က ယနေ့ ကျင်းပသည့် “ကိုဗစ်-၁၉ နှင့် အလွန်ကာလ - ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အလုပ်ရုံဆွေးနွေးပွဲသို့ virtual conference ဖြင့် တက်ရောက်၍ အဓိကဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆွေးနွေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ APCSS မှ ပါမောက္ခ Dr. Miemie Winn Byrd က အစီအစဉ်မှူး အဖြစ် ပါဝင်ဆောင်ရွက်ပြီး တက်ရောက်သူများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုအပေါ် ဒေသတွင်းအဆင့် လက်ရှိတုံ့ပြန်ဆောင်ရွက်နေမှုများ၊ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ၏ ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်ရရှိနိုင်ရေး အတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးကြသည်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်
ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှု များ၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် နိုင်ငံအချင်းချင်းနှင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကမ္ဘာ့ စီးပွားရေး ပြန်လည် ဦးမော့လာစေရေး အတွက် လက်ရှိဒေသ တွင်းနှင့် ကမ္ဘာ့ အခြေအနေ ဖြစ်ပေါ်မှုများ၊ ကာကွယ် ဆေး ဖြန့်ဝေမှု အခြေအနေများနှင့် လတ်တလော နိုင်ငံအချင်းချင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၏ အလားအလာများကို တက်ရောက် လာကြသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မကြာမီ ကာလများအတွင်း ရောဂါကူးစက်မှုနှုန်းထက် ကာကွယ်ဆေးထိုးနှံနိုင်မှုနှုန်းက ပိုမိုလာမည်ဖြစ်၍ တစ်ကမ္ဘာလုံး လူသားများ ရင်ဆိုင်နေရသည့် ကပ်ရောဂါအမှောင်ထုမှ လွန်မြောက်မည့် အလင်းရောင်ကို စတင်မြင်ရ တော့မည်ဖြစ် ကြောင်း၊ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားမှုက ရာသီဥတု ပြောင်းလဲမှု၊ အခွင့်အလမ်းများ တန်းတူမညီမျှမှုနှင့် ပထဝီဝင် နိုင်ငံရေး ပြန်လည် ချိန်သားကိုက်မှု ဆိုသည့် စိန်ခေါ်မှု (၃) ရပ်ကို ရင်ဆိုင် ဖြေရှင်းဆောင်ရွက်နိုင်မည့် အင်အား များရရှိရန် အထောက်အကူဖြစ်စေ မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ညီတူညီမျှခံစားနိုင်ရေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကြောင့် ပိုမိုသိသာလာ သည့် ကမ္ဘာ့ပထဝီဝင် နိုင်ငံရေးအရွေ့ ကို ကိုင်တွယ် ဖြေရှင်း ရာ၌ ဂလိုဘယ် လိုင်ဇေးရှင်း၏ အကျိုးရလဒ် အလား အလာများကို ကမ္ဘာ့လူ့အသိုင်းအဝိုင်း တစ်ရပ်လုံး ညီတူညီမျှခံစားနိုင်ရေး အတွက် နိုင်ငံအားလုံးက ယဉ်ကျေးမှု အရသော်လည်းကောင်း၊ အတွေး အခေါ် အယူဝါဒအရ လည်းကောင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အနေဖြင့် မြန်မာ- အမေရိကန် ဆက်ဆံရေး ပိုမို ခိုင်မာစေရေး၊ နိုင်ငံစုံ မိတ်ဖက်များနှင့် ကျယ်ပြန့် စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် အထောက်အကူပြုစေမည့် အကြံပြု ချက် (၃) ချက်အား ဆွေးနွေးပြောကြား ခဲ့ရာတွင် ပထမအချက်အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သို့ အမြန် ဆုံး ပြောင်းလဲအသုံးချနိုင်ရေးအတွက် လိုအပ်မှုကိုအလေးပေး ထောက်ပြခဲ့ ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ အရွေးချယ်ခံ သမ္မတ Biden က ပဲရစ်သဘော တူညီချက်တွင် ပြန်လည်ပါဝင်ရန် ကတိကဝတ်ပြုမှုကို ကြိုဆိုပါကြောင်း၊ သစ်တောကဏ္ဍမှ အသားတင် ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး၊ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ပါဝင်မှု တိုးမြှင့်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေမှု ရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contributions) ကို လည်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဒုတိယအချက်အနေဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အကူအညီများ ထပ်မံရရှိရေး တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများ အနေဖြင့် အီလက်ထရွန်နစ် အစိုးရ၊ အီလက်ထရွန်နစ် ပေးချေမှု၊ အီလက် ထရွန်နစ် ကူးသန်းရောင်းဝယ်မှုနှင့် အွန်လိုင်းမှတစ်ဆင့် ဆေးကုသမှု စသည်တို့ကို အားလုံးလက်လှမ်းမီနိုင် စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး ကမ္ဘာတစ်ဝန်း အဆိုပါ နယ်ပယ်များ၏ နိုင်ငံတကာကျွမ်းကျင် လုပ်သားများ ရွှေ့ပြောင်းသွားလာမှု အတွက်လည်း အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း ပြောကြားသည်။
ပြောင်းလဲရှုမြင်သင့်
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာရှနှင့် ပစိဖိတ်ဒေသတွင်း မဟာ ဗျူဟာမြောက် ပြိုင်ဆိုင်မှု အခြေအနေ ကို မဟာဗျူဟာမြောက် ပူးပေါင်းမှု အခြေအနေသို့ ဦးတည်ပြောင်းလဲအောင် နိုင်ငံများက ဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းခဲ့ပြီး တစ်နေ့တခြား တိုးတက်ထင်ပေါ်လာသည့် အာရှဒေသကို လုံခြုံရေးအရ စိန်ခေါ်မှု တစ်ခုအဖြစ်မမြင်ဘဲ စီးပွားရေးအရ အခွင့်အလမ်းကောင်းရှိသည့် ဒေသအဖြစ် ပြောင်းလဲရှုမြင်သင့်ကြောင်း သုံးသပ်ပြောကြားသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံ အနေဖြင့် ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီများ၊ ကမ္ဘာ့အဆင့်မီ နည်းပညာ နှင့် ကမ္ဘာ့ကုန် ထုတ်လုပ်မှု ကွင်းဆက် တွင် ပြိုင်စံကင်း ချိတ်ဆက်ထားနိုင်မှု များရှိသော်လည်း မြန်မာနိုင်ငံတွင် အခြားသော ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံ မှုများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာ ရှိနေသေးသဖြင့် ပိုမို တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ရန်ပုံငွေအတွက် ပံ့ပိုးကူညီ
ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ် - ၁၉ တုံ့ပြန်မှုအတွက် USAID မှတစ်ဆင့် ကျန်းမာရေး အထောက်အကူပြု ကိရိယာများနှင့် PPE များ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် နိုင်ငံစုံအလှူရှင်များမှ တစ်ဆင့် ကျန်းမာရေး ရန်ပုံငွေအတွက် ပံ့ပိုးကူညီခြင်းများကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
အမေရိကန်နိုင်ငံ ဟိုနိုလူလူ အခြေစိုက် အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာမှုစင်တာ (APCSS) သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ၊ အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ အမျိုးသား လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင် သူများအကြား ကွန်ရက် အသစ်များ ထူထောင်ခြင်းနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ပျိုးထောင်ပေးလျက်ရှိသည့် ထင်ပေါ် ကျော်ကြားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သတင်းစဉ်