Skip to main content

လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် e -Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက် အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ကမ္ဘာ့လူသားအများစုသည် သင့်တော်ကောင်းမွန်သည့် လူမှုကာကွယ်စောင့် ရှောက်မှု များ မရရှိသဖြင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် သိသာထင်ရှားသည့် အတားအဆီးများဖြစ်နေပြီး နိုင်ငံ အသီးသီးအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်မှု အခွင့်အရေးများကို အားလုံးခံစားရရှိနိုင်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်မှုစနစ်ကို အားဖြည့်နိုင်ရန် ရေရှည်မျှော်မှန်း ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင် ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “အလုပ်သမားများ၏ ဘဝစိုပြေသာယာရေးအတွက် ရေတိုကာလတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးရန်ပုံငွေကို အလုပ်သမားများအတွက် ထိထိရောက်ရောက် စီမံပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟု ထည့်သွင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း။

မဟာဗျူဟာရည်မှန်းချက် ချမှတ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှု ဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူ လုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထိရောက်သည့် ဝန်ဆောင် မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု လျက်ရှိပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရ သော ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ် သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက် ပေးရန်နှင့် အကျိုးခံစားခွင့်များ ခွင့်ပြု ထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ပြုပြင်ပြောင်းလဲမှု (၄)ရပ်ဖြစ်သည့် IT Reform ၊ Medical Reform ၊ Administrative Reform နဲ့ Legal Reform တို့ကို ILO ၏ နည်းပညာအကူအညီရယူပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် stakeholders များနှင့် ညှိနှိုင်းဆွေးနွေး၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင် အာမခံအလုပ် သမားပေါင်း ၁ ဒသမ ၃၄ သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုး ခံစားခွင့်များကို အလုပ် သမား ဆေးရုံကြီးသုံးရုံ၊ ရုံးခွဲပေါင်း ၇၈ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၈ ခန်း၊ PPS စနစ်ဖြင့် (fee for services payment) ဆေးခန်း ရှစ်ခန်း၊ PPS စနစ်ဖြင့် (Capitation payment) ဆေးခန်း ၁၀ ခန်းနှင့် တိုင်းရင်းဆေးကုခန်း တစ်ခန်းအပြင် ရွေ့လျား ဆေးကုသယာဉ်နှစ်စီးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေပါ အာမခံစနစ်များ တိုးချဲ့အကောင်အထည်ဖော်ခြင်း၊ အကျုံးဝင် အလုပ်ဌာန များ၊ မြို့နယ်များအပါအဝင် အာမခံအလုပ်သမားများ တိုးချဲ့အကျုံးဝင်မှတ်ပုံတင်ခြင်းတို့ကို ဆက်လက် ဆောင်ရွက် သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ ယင်းသို့လူမှုဖူလုံရေးစီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက် ရာ၌ လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းစဉ်များ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်(၄)ရပ်ကို ILO ၏ နည်းပညာ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှု ဖူလုံရေးစနစ် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် IT Reform အရ SSB Information System- SSBIS စနစ်ကို ILO Korea Project မှ နည်းပညာအကူအညီများရယူ၍ သုံးနှစ်စီမံကိန်းအနေဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများနှင့် အလုပ်ရှင်များအား လူမှုဖူလုံရေးနှင့်ပတ်သက်သည့် သတင်းအ ချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန်၊ ထည့်ဝင်ကြေးများနှင့် အကျိုးခံစား ခွင့်များအား Online မှ လွယ်ကူ လျင်မြန်စွာ ပေးသွင်းနိုင်ရန်၊ အသိပညာပေး လုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်နှင့် Ease of Doing Business တွင်ပါရှိသည့် Paying Tax Indicator အဆင့်နှင့် ရမှတ် တိုးတက်လာစေရန်တို့အတွက် SSB Information System ၏ e-services လုပ်ငန်းစဉ်များဖြစ်သည့် SSB Mobile Application၊ SSB Website၊ e-Contribution စနစ်၊ e-Benefit စနစ်နှင့် e-Mail Server စနစ် စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အကျိုးခံစားခွင့်များ တိုးချဲ့ဆောင်ရွက်

ကိုဗစ်-၁၉ ကာလအတွင်း၌ တတ်နိုင်သမျှ ရောဂါကူးစက်မှုမှ အကာ အကွယ်ဖြစ်စေရန်အတွက် လူမှုဖူလုံ​ရေးအဖွဲ့မှ e-Payment စနစ်အရ Wave Money ဖြင့် အာမခံအလုပ်သမားများ၏ ဆေးဖိုး ပြန်အမ်းငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ Pilot project ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဆက်လက်ပြီး ကျန်ရှိသည့်အကျိုးခံစားခွင့်များကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း။

အလုပ်ရှင်၊ အလုပ်သမားများ၏ ထည့်ဝင်ကြေးကို e-payment စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ဇန်နဝါရီလ ထည့်ဝင်ကြေးကို ထည့်ဝင်ကြေး ပေးသွင်းနေသည့် ပုဂ္ဂလိကဘဏ်များနှင့် စမ်းသပ်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အသိပေး ပြောကြား လိုပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် SSB Information System လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထက်ဌာနများက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များ၊ ဘဏ္ဍာရေး စည်းမျဉ်း များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် အကောင် အထည်ဖော်မှုနှင့် စပ်လျဉ်း၍ နည်းပညာအကူအညီပေးသည့် ILO အဖွဲ့နှင့် ILO-Korea Project မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သင့်တော် ကောင်းမွန်သည့် SSBIS စနစ်ပေါ်ပေါက်လာရေးအတွက် ယနေ့အခမ်းအနား တက်ရောက် လာသူများက လိုအပ်သည့်အကြံဉာဏ်များ၊ အကူအညီများ ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ILO ၏ Liaison Officer Mr. Donglin Li က အမှာစကား ပြောကြားသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လူမှုဖူလုံရေးအဖွဲ့ ၏ သတင်းအချက်အလက်စနစ်အား နှစ်အလိုက် အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ILO ၏ Senior Consultant Mr. Alain Perras က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် SSB(IS) Phase 2 TOR ရေးဆွဲ ထားမှုကို လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိအိစိုးထွန်းက SSB Information System နှင့် e-Services လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာ သူများက အထွေထွေဆွေးနွေးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ILO မှ တာဝန်ရှိသူများနှင့် နည်းပညာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်