Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် ဇန်နဝါရီ ၁၄

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သား ၂၈ ဦးအား ပါရီမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် Amelia လေကြောင်းလိုင်း စင်းလုံးငှား အထူးကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၉ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၉)ကြိမ်မြောက် All Nippon Airways လေကြောင်းလိုင်း(ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်ခဲ့ ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေး သည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ၇ ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီ များ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်