Skip to main content

လှိုင်မြစ်ကူး အောင်ဇေယျကြိုးတံတားပေါ်မှ ဖြတ်သန်းသည့် ကုန်သေတ္တာတင်ယာဉ်များ ယာဉ်နှင့်ကုန် ၃၆ တန်သာ ဖြတ်သန်းရန်နှင့် ကျော်လွန်သည့်ယာဉ်များ ရွှေပြည်သာတံတားမှ မောင်းနှင်ရန် အသိပေးထား

ရန်ကုန်  ဇန်နဝါရီ  ၁၃

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပြန်လည်ဖြစ်ပေါ်လာရာ ဖြေလျှော့နိုင်ရန်နှင့် လှိုင်မြစ်ကူး အောင်ဇေယျ ကြိုးတံတားပေါ်မှ ဖြတ်သန်း သွားလာသည့် ကုန်သေတ္တာ တင်ယာဉ်များ တံတား၏ ခံနိုင်ရည်အရ ယာဉ်နှင့် ကုန် ၃၆ တန်အတွင်းသာ ဖြတ်သန်းသွားလာရန်နှင့် ကျော်လွန် ပါက ရွှေပြည်သာတံတားမှ ဖြတ်သန်းမောင်းနှင်ရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ် များအသင်းက အသိပေးနှိုးဆော်ထား ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ ရန်ကုန်မြို့၏ ဘုရင့် နောင်လမ်းမကြီးနှင့် အမှတ် (၅) လမ်းမကြီးဖြစ်သော ရန်ကုန်- ပုသိမ်လမ်းတို့၌ ယာဉ်သွားလာမှုပြန်လည် စည်ကားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ရက်ရှည်ရုံးပိတ်ရက်အပြီး ရန်ကုန်မြို့ စက်မှုဇုန်များ၊ ဘုရင့်နောင်ပွဲရုံ၊ သီရိမင်္ဂလာ ဈေးနှင့်ကုန်စည်ဒိုင်များသို့ ဧရာဝတီ တိုင်းဒေသကြီးနှင့် နယ်မှယာဉ်များ၊ ဆိပ်ကမ်းမှ ကုန်သေတ္တာတင် ယာဉ်များ လုပ်ငန်းခွင် လည်ပတ်မှုကြောင့် လှိုင်မြစ်ကူး တံတားကြီးလေးစင်းနှင့် အင်းစိန်လမ်းမကြီး၊ ဘုရင့်နောင် လမ်းမကြီး၊ ကြည့်မြင်တိုင် ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ကမ်းနားလမ်းတစ်လျှောက် ယာဉ် ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

“လက်ရှိ သွင်းကုန်/ ထုတ်ကုန် ဆိပ်ကမ်းတစ်ခုမှာ ကွန်တိန်နာယာဉ်တွေ ကျပ်နေတယ်။ အကြောင်းရင်းက သင်္ဘောအဝင်များချိန်မှာ ဝင်းထဲကို ကုန်ချပြီးတာနဲ့ ထပ်ပြီးကုန်တင်လို့မရဘူး။ ချက်ချင်းပြန်ထွက်ရပြီးမှ ပြန်ဝင်ရတော့ လမ်းပေါ်မှာယာဉ်တွေ ကျပ်နေတယ်။ ဒါက ဆိပ်ကမ်းမှာ ဖြစ်တဲ့ကိစ္စ။ နောက်တစ်ခုက ဘုရင့်နောင်ပွဲရုံမှာ ပိတ်ရက်ခံရင် နယ်ဝင်ကားတွေ ပိတ်မိနေတဲ့အတွက် ဘုရင့်နောင် ကားလမ်းပေါ်မှာ ယာဉ်တွေ ပိတ်မိတယ်။ ပွဲရုံပိတ်မယ့်ရက်နဲ့ ပြန်ဖွင့်မယ့်ရက်မှာ အဖြစ်များတယ်။

ပြီးတော့ ကုန်သေတ္တာယာဉ်တွေ ဘုရင့်နောင်အမှတ်(၁)နဲ့ (၂)တံတားပေါ်က အသွား/အပြန် ဖြတ်သန်းနိုင်အောင် ကြိုးစားနေတယ်။ ကုန်ပစ္စည်း မပါတဲ့ ကွန်တိန်နာတွေ ဘုရင့်နောင် အမှတ် (၂) တံတားက ဖြတ်ပြီးတော့ ကုန်ပစ္စည်းပါတဲ့ ကွန်တိန်နာဆိုရင် ရွှေပြည်သာတံတားကပဲ ဖြတ်ဖို့ အသိပေးထားပြီးပါပြီ။ အောင်ဇေယျ ကြိုးတံတားက ၃၆ တန်အတွင်းသာ လက်ခံတဲ့ အတွက် တန်ပိုတွေ ရွှေပြည်သာ တံတားက ဖြတ်ရမှာပါ” ဟု မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

ဘုရင့်နောင်ပွဲရုံ အဝင်လမ်းမှစ၍ ယာဉ်ကြောပိတ်ဆို့မှုနှင့် ပန်းဆိုးတန်း ကမ်းနားလမ်း တစ်လျှောက် ကွန်တိန်နာယာဉ်များ ပိတ်ဆို့မှု ဖြေလျှော့ နိုင်ရန် ဆိပ်ကမ်းကုန်တင် ယာဉ်ဝင်း အတွင်း၌ ကုန်သေတ္တာယာဉ်များ မြန်ဆန်စွာ ထွက်ခွာ/ ဝင်ရောက် နိုင်ရန် ဝန်ဆောင်မှု ပေးရန်နှင့် ဘုရင့်နောင်ပွဲရုံ အဝင်/အထွက် ယာဉ်များ မြန်ဆန်စွာ သွားလာနိုင်ရန် ဆောင်ရွက် ခြင်းဖြင့် လက်ရှိကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့စေမည်ဖြစ်သည်။ မြန်မာ နိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ် များ အသင်းတွင် အဖွဲ့ဝင်ပေါင်း ၂၅၀၀ ကျော်နှင့် အသင်းမဝင်သူ ၂၀၀၀ ခန့်ရှိရာ ရန်ကုန်မြို့၌ ကွန်တိန်နာယာဉ် ၄၀၀၀ ကျော် ရှိကြောင်း၊ ရန်ကုန်မြို့တွင် ကုန်စည် ပို့ဆောင်ရေးယာဉ်များနှင့် နယ်မှ ဝင်ရောက် သော ကုန်စည်ယာဉ်များ၊ နေ့စဉ် ခရီးသွားယာဉ်များ၊ ကုန်ပစ္စည်း ပို့ဆောင်သောယာဉ်များ၊ စက်မှုဇုန် ယာဉ်များနှင့် ရုံးကား၊ အိမ်စီးကား များဖြင့် ရန်ကုန်မြို့ ကားလမ်းများ၏ ခံနိုင်ဝန်ကို ကျော်လွန်လာသောကြောင့် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုမှာ ပြန်လည်အသက်ဝင်လာခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်မြို့ဧရိယာတွင် ယာဉ်ကြောပိတ်ဆို့မှု ပြန်လည်ဖြစ်ပေါ် လာရာ ဖြေလျှော့မှုအနေဖြင့် ဘုရင့်နောင်ပွဲရုံနှင့် ဗိုလ်တထောင်ကမ်းနားလမ်း တစ်လျှောက် ကွန်တိန်နာယာဉ်များ ပိတ်ဆို့မှုကို ဖြေလျှော့ခြင်းနှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်း မောင်းနှင်သော ကုန်သေတ္တာတင် မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ခွင့်ပြုထားသော တံတားပေါ်မှမောင်းနှင်ရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက သတိပေးထားကြောင်း သိရသည်။

သန်းထိုက်