Skip to main content

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားမှ  ဇန်နဝါရီ  ၁၂  ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက်   ပြန်လည်ဖော်ပြလိုက် ပါသည်။

အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ရောဂါကို အထိရောက်ဆုံး ကာကွယ်နိုင်ဖို့အတွက် တတ်နိုင်သမျှ မိမိတို့နေအိမ်မှာနေထိုင်ပြီး အပြင်ထွက်တဲ့အခါ Mask  ကို     မဖြစ်မနေတပ်ဆင်ခြင်း၊    လူစုလူဝေး ရှောင်ကြဉ်ခြင်း၊   လက်ကိုမကြာခဏ  စနစ်တကျ ဆေးကြောခြင်းစတဲ့ အခြေခံအချက်တွေ လိုအပ်ပါတယ်။

အပတ်စဉ်    တင်ဆက်ပေးနေတဲ့   ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်က ပြည်သူတွေသိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊   သမားတော်ကြီးတွေနဲ့   ပညာရှင်တွေက ဆွေးနွေး တင်ပြလျက်ရှိပါတယ်။

အခုတစ်ပတ်မှာ ပါမောက္ခဒေါက်တာဇော်သန်းထွန်း [ညွှန်ကြားရေးမှူးချုပ်၊   ဆေးသုတေသနဦးစီးဌာန]၊ ဒေါက်တာကျော်စွာမြင့် [ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်    ကုသရေးဦးစီးဌာနမှူး] နဲ့ ဒေါက်တာစိုင်းဝင်းဇော်လှိုင် [ညွှန်ကြားရေးမှူး၊ ရခိုင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး] တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေါက်တာကျော်စွာမြင့်ကို ဦးဆောင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာကျော်စွာမြင့် ။ ။ ကျွန်တော့်အနေနဲ့ ကိုဗစ် ရောဂါကုသဆေးတွေနဲ့ ပတ်သတ်တဲ့   မေးခွန်းတွေကို  ဖြေကြားပေးဖို့အတွက် ပါမောက္ခဒေါက်တာဇော်သန်းထွန်းကို ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာဇော်သန်းထွန်း ။ ။ မေးခွန်းတွေထဲက ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပြီးတဲ့သူတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်သလား၊   ဆေးထိုးရင်   ဘယ်လိုဆိုးကျိုးတွေ ရှိမလဲ၊ ဆေးမထိုးရင် ဘာတွေဖြစ်မလဲ ဆိုတဲ့ မေးခွန်းနှင့် စပ်လျဉ်းပြီး  ကိုဗစ် - ၁၉ ရောဂါဖြစ်ပြီးတဲ့သူမှာ မိမိခန္ဓာကိုယ်က နေ ကိုဗစ် - ၁၉ ရောဂါဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်နိုင်တဲ့ ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့   ရောဂါပိုးကို  တိုက်ခိုက်နိုင်တဲ့ ဓာတ်က   ကိုဗစ် - ၁၉  ရောဂါဖြစ်ပွားသော  လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ   ဘယ်လောက်ကြာကြာနေမလဲဆိုတဲ့ အဖြေကို အခုအချိန်မှာ သိပ္ပံပညာရှင်တွေအနေနဲ့ စူးစမ်း လေ့လာနေဆဲ ဖြစ်ပါတယ်။ ရောဂါပိုးကို တိုက်ခိုက်နိုင်တဲ့ ဓာတ်အနေနဲ့ ခန္ဓာကိုယ်ထဲမှာ သုံးလကနေ အများဆုံး ခြောက်လအထိ ရှိနိုင်တယ်လို့ ယူဆကြပါတယ်။

ဒါကြောင့် ကိုဗစ် - ၁၉ ဖြစ်ပြီးတဲ့ သူတွေအနေနဲ့ အကြမ်းဖျင်း လေးလ၊ ခြောက်လအထိ ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ သို့သော် ကိုဗစ် - ၁၉ ရောဂါ သည် တစ်ခါဖြစ်ပြီးရင် ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ အထောက် အထားတွေက အခုတွေ့ရှိနေရပါပြီ။ ဒါကိုဖြေရမယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့   လိုအပ်ပါတယ်။  လေးလကနေ ခြောက်လကြာရင် ကာကွယ်ဆေးထိုးမယ် ဆိုရင် ထိုးလို့ရပါတယ်။

နောက် ကိုဗစ် - ၁၉ ရောဂါက ကူးစက်ခံရပြီး ရောဂါ လက္ခဏာပြင်းထန်မှုက သွေးအုပ်စုနဲ့ ပတ်သက်သလား မေးခွန်းနဲ့စပ်လျဉ်းပြီး   ဒါနဲ့ပတ်သက်ပြီး  ပထမလှိုင်း ဖြစ်ခါစမှာ  နိုင်ငံတကာက  စစ်ဆေးခဲ့တဲ့  အထောက် အထားတွေ၊   သုတေသနတွေ   ရှိပါတယ်။   အဲဒီမှာ သွေးအုပ်စုနဲ့ ပတ်သက်တယ်လို့ အစပိုင်းမှာ သွေးအုပ်စု “အို တွေက သိပ်မဖြစ်ဘူး၊ ဖြစ်ရင်မဆိုးဘူး။ သွေးအုပ်စု “အေ တွေက ဆိုးတယ် အစရှိသဖြင့် ဒါမျိုးတွေကို ပြောခဲ့ ကြပေမယ့်  အခုလက်ရှိမှာ ဒီအထောက်အထားတွေကို သိပ္ပံနည်းကျပြဖို့အတွက် လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအချက်တွေက သွေးအုပ်စုအမျိုးအစားနဲ့ သက်ဆိုင်တယ်ဆိုတဲ့ တိကျသော သိပ္ပံ အထောက် အထား မတွေ့ရှိရသေးဘူးလို့ ဖြေကြားလို့ရပါတယ်။

ယူကေနိုင်ငံ တောင်ပိုင်းကနေပြီး မျိုးဗီဇပြောင်းသွားတဲ့   ရောဂါပိုးက   ပိုပြီးကူးစက်နှုန်း  မြန်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတဲ့အခါ ရောဂါပိုးရဲ့ ကူးစက်နှုန်းက   ဘယ်လောက်အထိ  စိုးရိမ်ရသလဲ၊  ဘယ်လို ကာကွယ်ရမလဲ မေးခွန်းနဲ့စပ်လျဉ်းပြီး ယူကေနိုင်ငံမှာရှိတဲ့ ရောဂါပိုးက ယခင်ရှိပြီးသား ရောဂါပိုးထက် ရောဂါကူးစက် နှုန်း ၅၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း မြန်တယ်လို့ ပြောဆိုနေ ကြတာ ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးရဲ့ကူးစက်မှုက အသက်ရှူ လမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တာ ကြောင့် ကာကွယ်တဲ့နည်းလမ်းအနေနဲ့ ယခုကျွန်တော်တို့ သိရှိထားပြီးဖြစ်တဲ့ နည်းလမ်းကို တိတိကျကျ မှန်မှန် ကန်ကန် လေးလေးစားစားနဲ့ အားထည့်ပြီး လိုက်နာမယ်ဆိုရင် ကူးစက်နှုန်း ဘယ်လောက်မြန်တဲ့ ရောဂါပိုးဖြစ်ပါစေ ကာကွယ်နိုင်ပါတယ်။

ဒီရောဂါပိုးက ဘယ်လောက်အထိ စိုးရိမ်ရသလဲဆိုရင် ရောဂါပိုးရဲ့ သဘောသဘာဝကလည်း ရောဂါပိုး တစ်ခုတည်းကြောင့် မဟုတ်ဘဲ  မိမိခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတွေ၊ ပြန်လည်တိုက်ခိုက်ပုံတွေ၊ မိမိမှာရှိနေတဲ့ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်အားနည်းတာတွေ အပေါ်မူတည်ပြီး ဆိုးရွားတာတွေ ဖြစ်နိုင်တာကြောင့် ရောဂါပိုးမဝင်အောင် အဓိက တားဆီးနိုင်ဖို့ အရေးကြီးပါတယ်။

ဒီပိုးတွေက ဘာကြောင့် မျိုးဗီဇ ခဏခဏပြောင်းနေ ရသလဲဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်း၍ ဗိုင်းရပ်စ်ပိုးရဲ့ သဘာဝက   အခုဗိုင်းရပ်စ်ပိုးသာမက  ဗိုင်းရပ်စ်ပိုးတွေအနေနဲ့ မကြာခဏ သူရဲ့ဗီဇက ပြောင်းလဲသွားတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ - ဆီးထဲပိုးဝင်၊ အဆုတ်ထဲ ပိုးဝင်တယ်ဆိုတဲ့ အရင်က  တွေ့ရှိရတဲ့  ဗက်တီးရီးယားပိုးတွေကို ကုသတဲ့နေရာမှာ ပိုးသတ်ဆေးတွေ ပေးပါတယ်။ ပိုးသတ်ဆေးတွေ    ပေါ်လာတဲ့ အခါကျရင်   ပိုးသတ်ဆေးတွေက ဗက်တီးရီးယားပိုးတွေကို    တိုက်လိုက်   ဗက်တီးရီးယားက သေသွားပြီး ဒီပိုးသတ်ဆေးတွေကို သုံးစွဲတာကြာလာတဲ့အမျှ  ဗက်တီးရီးယားက ဗီဇပြောင်းလဲတဲ့ သဘောသဘာဝတွေ ရှိပါတယ်။

ဗိုင်းရပ်စ်မှာလည်း  ထိုနည်းတူစွာပဲ  ကြာလာတာနဲ့အမျှ   ပြောင်းလဲတာတွေ   များလာတယ်။  ဒါပေမယ့် ပြောင်းလဲခြင်းမှာ တချို့သောပြောင်းလဲခြင်းတွေက ပိုပြီးကူးစက်နှုန်းမြန်တယ်။   ယခုတွေ့နေရတာမျိုး  ပြောင်းလဲသွားတာ ဖြစ်တတ်သလို၊  တစ်ခါတလေ  ပြောင်းလဲခြင်းက  သူ့ရဲ့ကူးစက်နှုန်းကို အားပျော့သွားစေပြီး ရောဂါဖြစ်ပွားမှုရဲ့ ဆိုးရွားမှုကိုလည်း လျော့နည်းသွားစေတဲ့ ပြောင်းလဲမှု တွေ ရှိတတ်ပါတယ်။  ဒီတော့   ဘယ်ဘက်ကိုသွားမှာလဲ အကောင်းဘက်ကို   ပြောင်းမှာလား၊   အဆိုးဘက်ကို ပြောင်းမှာလားဆိုတဲ့   အမေးကို  ဖြေဖို့က   အလွန်ခက်ခဲပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံ  ဆေးသုတေသနဦးစီးဌာနက   ဒါတွေကို  တောက်လျှောက်  စောင့်ကြည့်နေပါတယ်။

အခုလက်ရှိ အခြေအနေမှာမေးနေကြတဲ့ ကာကွယ်ဆေးတွေက မျိုးဗီဇပြောင်းသွားသော ကိုရိုနာဗိုင်းရပ်စ်ပိုး များဖြစ်ခဲ့ရင်  နိုင်ပါ့မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားရရင် နိုင်တယ်လို့ ဖြေကြားလိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး   တိကျတဲ့  သိပ္ပံအထောက်အထားတွေက ဆက်လက်စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရပြီးတဲ့ သူတွေအနေနဲ့ သုံးလရှိပြီ အသက်ရှူမဝဘူး။ ဆီးချိုရောဂါ ဝေဒနာရှင် တွေအနေနဲ့   နောက်ဆက်တွဲ  ဘာတွေဖြစ်မလဲဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး ကိုဗစ်ရောဂါက အဓိက အဆုတ်ကို ထိခိုက်တယ်။ အဆုတ်ကို ထိခိုက်မှုမရှိတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အဆုတ်ကို ထိခိုက်သွား တယ်ဆိုရင် အဆုတ်က ရောင်မယ်၊ အနာရွတ်ကျန်ခဲ့မယ်။ အနာရွတ်ဖြစ်တာ နည်းခြင်း၊ များခြင်းအပေါ် မူတည်ပြီး လူနာက မောပြီး ကျန်ခဲ့မလား၊ နည်းနည်း မောမလား၊ များများ မောမလား အစရှိသဖြင့် အဲဒီလိုမျိုး ကျန်ခဲ့တာဖြစ်ပါတယ်။

အနာတစ်ခု   ပြန်ကျက်တာက  တစ်လခွဲ၊  နှစ်လကြာတတ်တာမို့ ဒီလိုလူနာတွေအနေနဲ့  မိမိရဲ့ အဆုတ် အားနည်းမှုကြောင့် အောက်ဆီဂျင်နည်းတယ်၊ မောတယ်ဆိုတဲ့ ခံစားချက်တွေ တဖြည်းဖြည်းနဲ့ ပြန်ပြီးကောင်းသွားဖို့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့် ခန်းအနေနဲ့  အသက်ဝဝရှူတာ၊   ဆေးလိပ်မသောက်ဘဲ နေတာ၊ မီးခိုးငွေ့တွေ မရှူဘဲနေတာ၊ ဗက်တီးရီးယားရောဂါ ပိုးတွေ မဝင်အောင်နေတာ၊ ပတ်ဝန်းကျင်မှာ ဖျားနာတဲ့ သူတွေရှိရင်   သူတို့နဲ့  နီးစပ်အောင်မနေတာ။ ဆိုလိုချင်တာက ကိုဗစ်ရောဂါဖြစ်ပြီး  အဆုတ်အားနည်းသူအနေနဲ့ နောက်တစ်ခါ ပိုးထပ်ဝင်နိုင်ပါတယ်။ ကိုဗစ် ရောဂါပိုးကို ပြောတာမဟုတ်ပါဘူး။ ဗက်တီးရီးယားပိုးတွေ ဝင်တဲ့အခါမှာလည်း  ပိုပြီးမောတာ  ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိ အဆုတ်ကို ဂရုတစိုက်နေထိုင်သွားဖို့ လိုအပ်ပါတယ်။

ဆီးချိုရောဂါသည်က ကိုဗစ်ရောဂါဖြစ်ပြီး နှာခေါင်း အနံ့ပျောက်ပြီး လောလောဆယ် ဘာမှမဖြစ်ဘူး။ ကြာရင် ဖြစ်လာမှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်၍ ကိုဗစ် - ၁၉ ရောဂါက ၁၁ ရက်လောက်ဖြစ်ပွားပြီး အဆုတ်ကို ထိခိုက်မှု မရှိဘူးဆိုတာသေချာပြီ မောလည်းမမောဘူး၊ လူကောင်း အတိုင်းဖြစ်နေပြီ။ အဆုတ်ကို မထိခိုက်တာကြောင့် သူသည် ရေရှည်အကျိုးဆက်အနေနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ အခုချိန်အထိ မတွေ့သေးပါဘူး။ ဒါကြောင့် သတိထားပြီးနေဖို့   လိုအပ်ပါတယ်။  နောင်တစ်ချိန် ပြန်လည်ကူးစက်နိုင်တယ်ဆိုတာကို သိထားဖို့လိုအပ်သလို၊ ကာကွယ်ဆေး မရခင်အချိန်အထိ မိမိကိုယ်မိမိ ဂရုစိုက်ပြီး ကာကွယ်ရေး နည်းလမ်းတွေကို သေချာလိုက်နာဖို့ လိုအပ်တယ်လို့ ပြောကြားချင်ပါတယ်။

ဒေါက်တာကျော်စွာမြင့် ။ ။ ဆက်လက်ပြီး ကိုဗစ်ရောဂါပိုး ကူးစက်ပုံ၊ ကူးစက်မှုနဲ့ ကွာရန်တင်းကိစ္စတွေကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်   ကုသရေးဦးစီးဌာနမှူး  ဒေါက်တာစိုင်းဝင်း ဇော်လှိုင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါက်တာစိုင်းဝင်းဇော်လှိုင် ။ ။ ကျောင်းသား   ဆောင်တွေမှာ     Facility Quarantine ထားပြီးရင် အခြားပြောင်းရွှေ့လာတဲ့ ဆရာ/ဆရာမတွေကို   ကွာရန်တင်းထားတဲ့အခါ  ရောထားဖို့/ မထားဖို့ မေးထား ပါတယ်။

ကွာရန်တင်းဆိုတဲ့အတိုင်း    တစ်ယောက်ကနေ တစ်ယောက် ရောဂါမပြန့်ပွားအောင် သီးခြားခွဲထားဖို့ ရည်ရွယ်ပြီး    ကွာရန်တင်းထားခြင်း  ဖြစ်ပါတယ်။  ဒီမှာ ရောဂါရှိတဲ့သူနဲ့   ထိတွေ့ထားတဲ့သူတွေရှိမယ်။  ရောဂါ ဖြစ်ပွားတဲ့ အရပ်ဒေသတွေက လာတဲ့သူတွေရှိမယ်။ ခုနက စံနှုန်းအတိုင်းပြောရမယ်ဆိုရင်  Risk  တူတဲ့သူတွေကို ထားပါတယ်။ တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သီးခြားထားခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

နှာစေး၊  ချောင်းဆိုးတဲ့သူတွေ   အဓိက  Positive ဖြစ်တဲ့သူတွေနဲ့ ဆက်စပ်ပြီး ဘယ်ကနေ ကူးနိုင်သလဲ၊ ဒါမှမဟုတ် ချောင်းမဆိုး၊ နှာမချေခဲ့ရင်ရော မကူးနိုင်ဘူး လားဆိုတဲ့  မေးခွန်းနဲ့ စပ်လျဉ်းပြီး  Positive ဖြစ်တဲ့ သူတွေကို အနီးကပ် Mask မပါဘဲ စကားပြောရင် ကူးနိုင် ပါတယ်။  အလုံပိတ်အခန်းတွေမှာ  ကြာကြာထိတွေ့ပြီး စကားပြောဆိုခဲ့မယ်ဆိုရင်  ကူးစက်နိုင်ခြေ  ပိုများနိုင် ပါတယ်။ နှာချေ၊ ချောင်းဆိုးရင် ကူးစက်မှု ပိုမိုများပြားနိုင် ပါတယ်။ နှာချေ၊ ချောင်းဆိုးရာက ၅ ပေလောက်အထိ Droplet တွေ သွားနိုင်တာဖြစ်တဲ့အတွက် အရေးတကြီး သတိထားရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ဝန်ကြီးဌာနကလည်း    တိုက်တွန်းနေပါတယ်။  အပြင် ထွက်တိုင်း Mask တပ်ပါ။  Social  Distancing  ကို လိုက်နာပါ။ မကြာခဏ လက်ဆေးပါဆိုတဲ့ကိစ္စရပ်တွေက ကိုဗစ် - ၁၉ ရောဂါ   ကူးစက်မှုကို   ကာကွယ်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

အိမ်ရှင်မတွေ၊ အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းပါ။ အဓိက   အစားအသောက်တွေက   ကူးနိုင်သလား၊ အဝတ်လျှော်၊   မီးပူတိုက်၊  ဟင်းချက်တာ လုပ်ခိုင်းတဲ့  အိမ်အကူတွေကနေ ကူးနိုင်သလားဆိုတဲ့ မေးခွန်း မေးထားပါတယ်။ CDC က တွေ့ထားတဲ့ အထောက်အထားတွေအရ အစားအသောက်ကနေတစ်ဆင့်   ကူးစက်မှု  မတွေ့ရှိရ ကြောင်းကို ဖြေကြားထားပါတယ်။ အစားအသောက် ထုပ်ပိုးတဲ့   အိတ်ကနေတစ်ဆင့်   ကူးစက်မှုအလွန်နည်း တယ်ဆိုတာကို တွေ့ရှိထားကြောင်း တင်ပြလိုပါတယ်။ ဒါပေမယ့်   အစားအသောက်၊   အဝတ်အထည်  အသုံး အဆောင်တွေအပေါ်မှာ ကိုဗစ် - ၁၉ ရောဂါပိုးက ရက် အတန်ကြာ  နေနိုင်တယ်ဆိုတာကို    သတိပြုစေလိုပါတယ်။

ဒါကြောင့် အပြင်က ပြန်လာတိုင်း အဝတ်အထည်တွေကို လဲတာ၊ အသုံးအဆောင်ပစ္စည်းတွေကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး   ဆေးတာတွေကို  ပြုလုပ်စေလိုပါတယ်။ အရေးကြီးဆုံးတစ်ခုက အစားအသောက်ကနေ မကူး သော်လည်း၊ ဝိုင်းဖွဲ့စားသောက်တဲ့ အလေ့အထ ယဉ်ကျေး မှုကလည်း ရှိနေပြီး အခုအချိန်ထိလည်း မရှောင်နိုင်ကြ တာကို သတိထားဖို့လိုပါတယ်။ အစားအသောက်ကနေ မကူးပေမယ့် အတူတူဝိုင်းဖွဲ့ စားသောက်ရာက ကူးစက် နိုင်တယ်ဆိုတာကို အရေးအကြီးဆုံးအချက် တစ်ချက်အနေနဲ့ သတိထား စေလိုပါတယ်။

ကိုဗစ်ပိုးကို အိမ်မှာ ပိုးသတ်ဆေးဖျန်းပြီးနေတာ ထိရောက်သလား၊ ပိုးသတ်ဆေးဖျန်းလို့ ကိုဗစ်ရောဂါပိုး သေသလားဆိုတာ မေးထားပါတယ်။ ပိုးသတ်ဆေးဆိုတာ ကလိုရင်းဖျန်းတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု များတဲ့ ဆေးရုံ/ဆေးခန်းတွေ၊  လူနာတင်ယာဉ်တွေ၊  ရောဂါပိုး Positive ထွက်ထားတဲ့နေရာတွေကို ဖျန်းတာ ထိရောက် ပါတယ်။ ဒါပေမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဖျန်းတာသည် ပတ်ဝန်းကျင်ကို  ညစ်ညမ်းစေတယ် ဆိုတာကို    ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    အတိအလင်း ပြောကြားထားတဲ့အတွက်  ဒါကို  မကျင့်သုံးသင့်ပါဘူး။ အဓိက ရေနဲ့ ဆပ်ပြာနဲ့ ဆေးကြောခြင်းနဲ့ ကာကွယ်ရင် ပိုကောင်းပါတယ်။

ဈေးဝယ်ပြီး ပြန်လာတာပဲဖြစ်ဖြစ်၊ အိမ်ကိုပစ္စည်းတွေ ရောက်လာတာပဲဖြစ်ဖြစ်  အစားအသောက်၊  ဟင်းသီး ဟင်းရွက်တွေကို ဆေးဖျန်းတာကရော ဘယ်လိုပါလဲဆိုပြီး မေးထားပါတယ်။

အဓိက  ပိုးသတ်ဆေးတွေက   အစားအသောက်နဲ့ တိုက်ရိုက်မထိတွေ့တာ   အကောင်းဆုံးပါ။  ဟင်းသီး ဟင်းရွက်တွေ ဝယ်လာရင် ရေနဲ့ သေချာစွာ ဆေးကြောဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ထုပ်ပိုးတဲ့ ပလတ်စတစ် ဘူးတွေ၊ အိတ်ခွံတွေကို ရေနဲ့ဆပ်ပြာသုံးပြီး ဆေးကြောရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုအလေ့ အကျင့်တွေကို မိဘပြည်သူတွေ   လိုက်နာကျင့်သုံးဖို့  လိုအပ်ပါတယ်။ အစားအသောက်ကနေ   တိုက်ရိုက်ကူးစက်မှု  မရှိဘူးဆိုတာကို ကျွန်တော်ထပ်ပြီး တင်ပြလိုပါတယ်။

နောက်တစ်ခုက ကိုဗစ်ရောဂါကို လုံးဝရာနှုန်းပြည့် ပျောက်ကင်းတဲ့ ဆေးရှိပြီလား မေးခွန်းနဲ့ စပ်လျဉ်းပြီး မရှိသေးပါဘူးလို့ ဖြေကြားချင်ပါတယ်။

ဒေါက်တာကျော်စွာမြင့် ။ ။ ကျွန်တော်က     ကျန်တဲ့မေးခွန်းတွေကို ဖြေကြားပေး ပါမယ်။ Stay  at Home မြို့နယ်တွေ ရှိသေးလားဆိုတော့ ရှိပါသေးတယ်။  အရင်တစ်ပတ်ကလည်း ဆရာကြီးတွေ ဖြေကြားထားတာရှိပါတယ်။ ရောဂါကူးစက်မှု အခြေအနေ အပေါ်မူတည်ပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ကချင်၊ မန္တလေး၊ ရခိုင်ဒီနေရာတွေမှာ အနည်းနဲ့အများ ရှိနေပါတယ်။ တချို့ တိုင်းဒေသကြီးတွေဆိုရင်     တစ်မြို့နယ်လောက်ကို ပူးပေါင်းပါဝင်မှုကောင်းပြီး တွေ့ရှိမှုလည်း  နည်းတယ် ဆိုရင် လျှော့ပေးပြီး ကျန်တဲ့မြို့နယ်တွေက Stay at Home မြို့နယ်တွေအနေနဲ့ ဆောင်ရွက်နေပါတယ်လို့ ဖြေကြား လိုပါတယ်။  တော်တော်များများက အကောင်းဘက်ကို ဦးတည်နေတယ်လို့ပဲ ဒီအခြေအနေမှာ ပြောပါရစေ။ ခုန ဆရာကြီးတွေ ပြောခဲ့သလို စည်းကမ်း၊ နည်းလမ်းတွေနဲ့ အညီ နေရဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက နယ်တွေကို ကားနဲ့ပြန်လို့ရပြီလား၊ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး လေယာဉ်ခရီးစဉ်တွေကို အတတ်နိုင်ဆုံး အရေးပေါ်အခြေအနေမှာ အဆင်ပြေ အောင် လုပ်ဆောင်ပေးနေတာ ရှိပါတယ်။ ကားလိုင်းတွေ ကို ကိုဗစ်ဗဟိုကော်မတီက စည်းကမ်း၊ နည်းလမ်းတွေနဲ့  ဘယ်လိုဖွင့်ပေးနိုင်မလဲဆိုတာ    စဉ်းစားနေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အားလုံးမှာရှိတဲ့ မြို့နယ် ကိုဗစ်ကော်မတီတွေက အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။    ဒါကြောင့်   သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေက မြို့နယ်ကိုဗစ်ကော်မတီ တွေနဲ့    ဆက်သွယ် ဆောင်ရွက်ဖို့    မေတ္တာရပ်ခံလိုပါတယ်။

ဆေးရုံဆင်းသူတွေနဲ့   တရင်းတနှီး နေလို့ရလား၊ ဒီလူတွေကရော   ရောဂါပြန်ဖြစ်နိုင်သလား  မေးခွန်းနဲ့ ပတ်သက်ပြီး အခုလောလောဆယ်မှာ New Normal နဲ့ နေရမှာဖြစ်ပါတယ်။ ခွဲခြားဆက်ဆံဖို့ပြောတာ မဟုတ်ပါ ဘူး။ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ နေဖို့ပါ။ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက တော်တော်များများ ထုတ်ပြန်ထားတာရှိပါတယ်။ အိမ်ပြန်ရောက်ရင် ဘယ်လို၊  ဘယ်နှရက်   နေရမယ်ဆိုတာတွေကို  ရှင်းပြထားတာ ရှိပါတယ်။   ဒါတွေကို   ပြန်ပြီးကြည့်စေချင်ပါတယ်။ ရောဂါပြန်ဖြစ်နိုင်သလားဆိုတော့   နောက်တစ်ကြိမ် ပြန်ကူးစက်နိုင်ပါတယ်။ New Normal  လူနေမှုပုံစံ အသစ်ကို  ဘယ်နေရာမှာဖြစ်ဖြစ်၊  ဘယ်သူနဲ့ဖြစ်ဖြစ် ကျင့်သုံးဖို့လိုတယ်ဆိုတာကို    နှလုံးသွင်းထားစေချင်ပါတယ်။

ကိုဗစ်ကို    ဘယ်လောက်အထိ   ရင်ဆိုင်ရမှာလဲ။ ဘာတွေဆက်လုပ်ရမှာလဲ မေးခွန်းနဲ့စပ်လျဉ်းပြီး အခု လောလောဆယ် ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်း နေရတာ ဖြစ်ပါတယ်။ အရင်လို စဉ်းစားပုံ၊ နေပုံတွေနဲ့တော့ သွားလို့မရပါဘူး။ နောက်တစ်ခုက ထပ်ပြောလိုတာက အချင်းချင်း မကူးစက်ဘူးဆိုတဲ့ ပုံစံမျိုးတွေ  အများကြီး တွေ့နေရပါတယ်။ အချင်းချင်း ကိုယ်နဲ့ ထိတွေ့နေတဲ့သူ တွေ၊ ဒီနေ့လည်း ထိတွေ့တယ်။ မနက်ဖြန်လည်း ထိတွေ့တယ်။ သန်ဘက်ခါလည်း  ထိတွေ့တယ်  ဒီလိုလူတွေက မကူးစက်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။

ဒါပေမယ့် တကယ်ဖြစ်တဲ့အချိန်မှာ ဒီလိုလူတွေကနေ တစ်ဆင့်   ကူးစက်တာ  ဖြစ်ပါတယ်။  လောလောဆယ် ရန်ကုန်တိုင်းဒေသကြီးမှာ  လုပ်နေတဲ့ Campaign  တွေ ရှိပါတယ်။ ဘယ်လိုနေရမလဲ၊ ဘာဆက် လုပ်ရမလဲဆိုရင် ပုံမှန်အားဖြင့်  မလိုအပ်ဘဲ အိမ်အပြင်မထွက်ပါနဲ့။ အိမ်မှာ နေကြပါ။   အပြင်ထွက်မယ်ဆိုရင်  အနည်းဆုံး  Mask တပ်ပါ။ လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ။ နေ့စဉ် ဘဝမှာ ခပ်ခွာခွာနေပါ ဒါတွေကို လုပ်ရပါမယ်။ နောက် တစ်ခုက အချင်းချင်းသတိပေးမယ်၊ အသိပေးမယ်ဆိုတာကို ဦးစားပေးအနေနဲ့  လုပ်ဆောင်ပါ။  ဒီလိုလုပ်ဆောင်ရင် ကိုဗစ်ကို ရင်ဆိုင်ရမယ့် ကာလကို အများကြီးလျှော့ချ သွားနိုင်မယ်လို့ ပြောကြားလိုပါတယ်။

ကာကွယ်ဆေးရရင် ကိုဗစ်က ပျောက်သွားမှာလား မေးခွန်းနဲ့ စပ်လျဉ်းပြီး အတိအကျပြောဖို့ ခက်တဲ့ကိစ္စပါ။ ကာကွယ်ဆေးရရင် နံပါတ်တစ် ကာကွယ်မှုတွေရမယ်။ နံပါတ်နှစ်   အခုနေတဲ့   လူနေမှုပုံစံအသစ်အတိုင်း ဆက်လက်နေထိုင်ရပါမယ်။ အရင်လိုနေဖို့ မလွယ်သေး ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ ထပ်ခါထပ်ခါ ပြောနေ သလိုပါပဲ မလိုအပ်ရင် အိမ်အပြင်မထွက်ပါနဲ့။ အိမ်ထဲမှာ ပဲနေပါ။ အိမ်ကနေ ထွက်လာပြီဆိုရင် Mask ကို သေချာစွာ တပ်ပါ။

Mask   Campaign  တွေကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အခြားသက်ဆိုင်ရာ ဌာနတွေ၊ အစိုးရအဖွဲ့တွေ   ပူးပေါင်းပြီး  လုပ်ဆောင်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မကူးစက်ရအောင် အပြင် ထွက်ရင်  Mask  တပ်မယ်။  အမှုန်အမွှားတွေ လက်မှာ မကပ်မိအောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် လက်ဆေးမယ်။ လက်ဆေးဖို့   အဆင်မပြေတဲ့နေရာဆိုရင်  ရေမလိုတဲ့ လက်သန့်ဆေးရည်နဲ့    သေသေချာချာ   စနစ်တကျ ဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။

ဒါတွေကို   ထပ်ခါထပ်ခါ   ပြောနေရတာပါ။  ဒီလို လုပ်ဆောင်ရင် ဆုံးရှုံးမှုတွေကနေ အများကြီးသက်သာ မယ်ဆိုတာ သိနေတဲ့အတွက် တစ်ကမ္ဘာလုံးက ညွှန်ကြား နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေ မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်သူနဲ့ဖြစ်ဖြစ် အတတ်နိုင်ဆုံး ခပ်ခွာခွာနေကြပါ။ ဒါတွေကို လုပ်ဖို့လိုပါတယ်။ အချင်းချင်း တွေ့သူ၊   မြင်သူအားလုံးကို  သတိပေးပါ။  ဒီလိုနေရင် ပိုကောင်းတယ်၊ ဒီလိုမနေရင် ကူးစက်မှုတွေ ရနိုင်တယ် ဆိုတာကို အသိပေးပါ။ အခုလုပ်ဆောင်နေကြသူတွေ၊ လိုက်နာပြီးနေထိုင်ကြတဲ့ ပြည်သူတွေ၊ လုပ်ဖော်ကိုင်ဖက် တွေ၊ ဌာနတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

တကယ့်ကို  စနစ်တကျဝိုင်းဝန်းပြီး လုပ်ဆောင်ကြ မယ်ဆိုရင်  အကောင်းဆုံးအနေအထားကို မျှော်လင့်လို့ ရပါမယ်။ မျိုးကွဲပဲဖြစ်ဖြစ်၊ ဘယ်ကိစ္စမဆို ဒီလိုပုံစံနဲ့ပဲ သွားရမှာဖြစ်တဲ့အတွက် လူနေမှုဘဝပုံစံအသစ် New Normal Style နဲ့သွားရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အတွက်   စိတ်ပူရတာတွေ  လျော့မယ်၊ အကောင်းဆုံးအခြေအနေကို ရောက်မယ်လို့ တင်ပြလိုပါတယ်။

ထက်လျှံ