နေပြည်တော် ဇန်နဝါရီ ၁၂
ထိုင်းနိုင်ငံတွင်ကျင်းပမည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ယခုကျင်းပသော အစည်းအဝေးသည် ပညာရေးဝန်ကြီးဌာနမှ ညှိနှိုင်းအကူအညီ တောင်းခံလာမှုအပေါ် မိမိတို့အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရေးအတွက် အဖွဲ့ချုပ်များ၏ အားကစားသမားများ စခန်းသွင်း လေ့ကျင့်မှုများအတွက် ညှိနှိုင်းကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် အောင်မြင်မှုရှိနိုင်သော၊ ကျစ်လျစ်ထိရောက်သော အားကစားသမားစုဖွဲ့မှုကို ပြုလုပ်ရန် အထူးလိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်လျာထားမှုဖြင့် ပြုလုပ်ဆောင်ရွက်ရသော်လည်း မိမိတို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးကူညီရသဖြင့် ယခုအစည်းအဝေးမှ တင်ပြချက်များကို ညွှန်ကြားရေးမှူးချုပ်ထံသို့ ဆက်လက်တင်ပြပြီး ပညာရေးဝန်ကြီးဌာနဖြင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် စခန်းသွင်းခွင့်ပြုချက်မရမီ အချိန်တွင် မိမိတို့၏ သက်ဆိုင်ရာအဖွဲ့ချုပ်များအနေဖြင့် အားကစားသမား များကို Online Training၊ Self Training များ ကြိုတင်ပြုလုပ် ရန်လိုအပ်ပါကြောင်း၊ သို့မှသာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ချိန် ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေ တို့က ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော (မြားပစ်၊ ဘောလုံး၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ဝူရှူး) အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများ၊ လူရွေးချယ်မှုများ၊ သက်ဆိုင်ရာ အားကစားနည်းအလိုက် ကိုယ်ပိုင်လေ့ကျင့်ခန်းပြုလုပ်မှု၊ စခန်းသွင်းလေ့ကျင့် ရာတွင် ထောက်ပံ့ပေးရမည့်အချက်များ၊ အဖွဲ့ချုပ်များမှ ပံ့ပိုးကူညီ ဆောင်ရွက်မည့်များကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်လိုက် တင်ပြခဲ့သည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က နိဂုံးချုပ် ပြောကြားသည်။
သတင်းစဉ်