နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဆဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က မြန်မာ့ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ စေရန်နှင့် ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသည့် ဒီရေတောနှင့် ကမ်းရိုးတန်း သယံဇာတထုတ်ယူသုံးစွဲမှုပြဿနာ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအဆင့်/ ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့်အထိ ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများကို အဆင့်အဆင့်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ဗဟိုကော်မတီ အစည်းအဝေးကို (၇)ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း(၅၄)ချက် ချမှတ်ကာ ကမ်းရိုးတန်းဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်မြေဒေသများနှင့် အခန်းကဏ္ဍအသီးသီး၏ ပူးပေါင်းပါဝင်ဆုံးဖြတ် ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်နိုင်ရန် လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၆)ကြိမ်မြောက် ဖြစ်ပါကြောင်း။
မြန်မာ့ကမ်းရိုးတန်းသယံဇာတ တည်ရှိမှုအခြေအနေများ၊ လူမှုစီးပွားရေးနှင့် နိုင်ငံ့ စီးပွားရေးအပေါ် အထောက်အပံ့ပြုမှု အခြေအနေများနှင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ရေး အတွက် ကျင်းပပြီးစီးခဲ့သည့် လုပ်ငန်းကော်မတီ အစည်းအဝေး (၅) ကြိမ်တွင် ကမ်းရိုးတန်း သယံဇာတများဘက်စုံပူးပေါင်းစီမံအုပ်ချုပ်ခြင်း “Integrated Coastal Management”(ICM) အစီအမံများဖွံ့ဖြိုးရေးကို တစိုက်မတ်မတ် ဦးတည်ဆွေးနွေးခဲ့ကြပါကြောင်း။
မြန်မာနိုင်ငံတွင် ICM စနစ်ကို ချမှတ်ကျင့်သုံးနိုင်ရေးအတွက် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်ကြီး (၁၀)ရပ်အနက် တာဝန်တစ်ရပ်အနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက်နေသည်ကို ကော်မတီဝင်များအားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ Integrated Coastal Management Programme (မူကြမ်း)ကို လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဏိုင်ကြီး (၃) ရပ်လုံး ဟန်ချက်ညီညီ စီမံအုပ်ချုပ်ရန်နှင့် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် သစ်တောဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အနေဖြင့် ကမ်းရိုးတန်းဒေသရှိ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများ၊ ခရိုင်ကော်မတီများ၊ နည်းပညာအကြံပေးကော်မတီဝင်များနှင့် ဒေသအဖွဲ့အစည်းများ၏ အကြံဉာဏ်များရယူကာ IUCN အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲလျက် ရှိပါကြောင်း၊ ICM ၏ အခြေခံကျသည့် လုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာ့ကမ်းရိုးတန်းဒေသ နယ်နိမိတ်သတ်မှတ် နိုင်ရေးအတွက် ICM ဇုန်နယ်မြေ (မူကြမ်း)ကို ရေးဆွဲဖော်ထုတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ICM အစီအမံများ ရေးဆွဲရာတွင် ကမ်းရိုးတန်းဒေသတွင်ရှိသည့် ဂေဟစနစ်များ၊ သယံဇာတများနှင့် အဏ္ဏဝါဒေသရှိ ဂေဟစနစ်များနှင့် သယံဇာတများကို ရေရှည်တည်တံ့ အောင်ထိန်းသိမ်း အသုံးချနိုင်ရန် ဦးတည်ချက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကမ်းရိုးတန်း ဂေဟစနစ်များ၊ သယံဇာတများ ပျက်စီးဆုံးရှုံးမှုနှင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ချက်များသည် ထင်သာမြင်သာရှိသော်လည်း အဏ္ဏဝါဒေသရှိ ဂေဟစနစ်များနှင့် သယံဇာတများ ပျက်စီးဆုံးရှုံးနေမှုအပေါ် အထူးဂရုစိုက်ပြီး ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါညစ်ညမ်းမှု အခြေအနေများသည် အဓိကအားဖြင့် ကုန်းတွင်းပိုင်းမှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် မိလ္လာစွန့်ပစ်မှုများ၊ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းနေရကြောင်းကို နော်ဝေနိုင်ငံရေး သုတေသနအဖွဲ့(NIVA)၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာက ဖော်ပြထားရှိပြီး ကမ်းရိုးတန်းဒေသ အမှိုက်နှင့် အညစ်အကြေး စွန့်ပစ်စနစ်များကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ပါက မြန်မာ့အဏ္ဏဝါညစ်ညမ်းမှုကို အထိုက်အလျောက် လျှော့ချနိုင်ခြေရှိကြောင်းကို ဖော်ပြထားပါကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် မဏ္ဏိုင်များနှင့် လိုက်လျောညီထွေဖြစ်စေသည့် နိုင်ငံ့ကမ်းရိုးတန်းသယံဇာတများ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအမံများ ဖွံ့ဖြိုးစေရေးအတွက် ရေရှည်မှော်မှန်းချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်တည်ထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကမ်းရိုးတန်းဒေသများ၌ ထိရောက်သည့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကျန်ရှိနေသေးသည့် ဆောင်ရွက်ဆဲကိစ္စရပ်များ ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်နှင့် ယနေ့အစည်းအဝေးတွင် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ကော်မတီဝင်များအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ယနေ့အစည်းအဝေးမှ ရရှိသည့် ဆွေးနွေးတင်ပြချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို ရှေ့လာမည့် အဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် မပျက်မကွက် တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်အားလုံးအနေဖြင့် ကမ်းရိုးတန်း သယံဇာတများ ဘက်စုံစီမံအုပ်ချုပ်နိုင်ရေးအတွက် ရေရှည်ရည်မှန်းချက်ချမှတ် ဆောင်ရွက်ရမည့် အစီအမံများ၊ ကိုဗစ်-၁၉ ကာလအလွန် ပြန်လည် တည်ထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအမံများအပေါ် မိမိတို့ဒေသနှင့် ကဏ္ဍအခြေအနေများအလိုက် အကြံပြုဆွေးနွေးပေးကြရန်နှင့် ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် တစ်တပ်တစ်အားပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများက မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ)၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)