Skip to main content

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော် ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊  တာဝန်ရှိသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးအကောင်အထည်ဖော်ရာတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်သည့် လိုအပ်ချက်များ၊ စနစ်တစ်ခုလုံးအတွက် လိုအပ်ချက်များကို တည်ဆဲဥပဒေများဖြင့် လည်းကောင်း၊ နိုင်ငံတကာစံနှုန်းများဖြင့်လည်းကောင်း ကိုက်ညီစေရေးအတွက် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှီငြမ်း၍ စီမံခန့်ခွဲနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။

 နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ (၁၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေအား ၂၀၁၇ ခုနှစ်၊ ဧပြီ (၂၇) ရက်တွင် ပြင်ဆင် ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင် သာမက ပြည်ပရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်မှစတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄)မျိုး ခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက်၍ ကော်မတီအဆင့်ဆင့် စိစစ်အကဲဖြတ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (၇၀၅)ဦး လျှောက်ထားရာ (၆၁၇) ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားတင်ပြလာသူများအား နည်းဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အမှတ်ပေးစည်းမျဉ်းများအရ စိစစ်ခွင့်ပြုပေး လျက်ရှိရာ ယခုအစည်း အဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီ အဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြု ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်းနှင့် ဗဟိုကော်မတီမှ စိစစ်သုံးသပ် အတည်ပြုပြီးပါက ၎င်းတို့အား လူတွေ့မေးမြန်း အကဲဖြတ်ရန် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပြီး လူတွေ့မေးမြန်းအကဲဖြတ်ခြင်း လုပ်ငန်းစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေပေါ် မူတည်ချင့်ချိန်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီအတွင်းရေးမှူးကိုယ်စား လုပ်ငန်းတာဝန်ခံအရာရှိက နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်စနစ် လုပ်ငန်းဆောင်ရွက်မှု၊ အမှတ်ပေးစနစ်နှင့် လက်ရှိလျှောက်ထားမှု၊ ဗဟိုကော်မတီမှ စိစစ်အတည် ပြုပြီးပါက လူတွေ့အစစ်ဆေးခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းကော်မတီမှ အတည်ပြုတင်ပြသည့်လျှောက်ထားသူ တစ်ဦးချင်းအား သုံးသပ်ချက်များဖြင့်  အသီးသီးဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ယခုအစည်းအဝေးတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ထပ်မံလျှောက်ထားသူများအနက် လုပ်ငန်း ကော်မတီမှ ပဏာမစိစစ်ပြီးသည့် ကျွမ်းကျင်ပညာရှင်(၁)ဦး၊ ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြားသား (၃) ဦး၊ မြန်မာနိုင်ငံသားဟောင်း (၃၀) သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား (၁၅)ဦး၊ ယင်းတို့နှင့် တွဲ၍ လျှောက်ထားသည့် မိသားစုဝင် (၂၁) ဦး စုစုပေါင်း(၇၀) အား ဗဟိုကော်မတီမှ စိစစ် အတည်ပြု ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ စိစစ်ပြီးသူ (၇၀)ဦးတို့အား လူတွေ့အကဲဖြတ် စစ်ဆေး နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေကို ချင့်ချိန်သုံးသပ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)