နေပြည်တော် ဇန်နဝါရီ ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Group Co.,Ltd (CREEC) တို့အကြား မန္တလေး-ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန်ဦးဝင်းခန့်၊ မြန်မာ့မီးရထား၊ ခေတ္တ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် တာဝန်ရှိသူများ၊ (CREEC) မှ Chief Representative of CREC Myanmar, Mr. Wang Guoliang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က မူဆယ်-မန္တလေး-ကျောက်ဖြူရထား လမ်းစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်၏ One Belt- One Road အစီအစဉ်အရဖြစ်ပေါ်လာသည့် China- Myanmar Economic Corridor တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ စီမံကိန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ငွေကြေးကုန်ကျမှုများစွာ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းတစ်ခုအပေါ် စီမံကိန်း၏ ဖြစ်နိုင်စွမ်းအခြေအနေ များကိုလည်း သတိကြီးစွာ အသေးစိတ်လေ့လာမှုပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းများကိုပါ တစ်ပါးတည်း အသေးစိတ် လေ့လာရမည်လည်း ဖြစ်ပါကြောင်း။
ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဖြစ်မြောက်နိုင်ရေးလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရခြင်း ဖြစ်ပါကြောင်း၊ မန္တလေး-မူဆယ် ဖြစ်မြောက်နိုင်စွမ်း အခြေအနေများ လေ့လာပြီးစီးခဲ့မှုနှင့် ပတ်သတ်၍ တစ်ဆက် တစ်စပ်တည်း သုံးသပ်မှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ အဆိုပါ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး စိတ်ဓာတ်နှင့်အညီ ညီအစ်ကိုမောင်ရင်း စိတ်ဓာတ်ဖြင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ သစ္စာရှိမှု၊ ချစ်ခင်ရင်းနှီးမှု၊ နှစ်ဦးနှစ်ဖက်၏ အကျိုးရှိမှု၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည်လည်း သမိုင်းဝင်ခရီးစဉ် ဖြစ်ခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြည့်မည်ဆိုပါက သမ္မတရှီကျင့်ဖျင် ၏ မြန်မာနိုင်ငံခရီးစဉ် ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် (၅)နှစ်စီမံကိန်းဖြစ်ပါ ကြောင်း၊ တရုတ်ပြည်တွင်း ယူနန်ပြည်နယ်ရှိ Dali မှ ရွှေလီ (Ruili) ထိ ရထားလမ်းသည် ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပါက စတင်ပြေးဆွဲနိုင်မည်ဖြစ်၍ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက် ပြီးပါက မြန်မာနိုင်ငံအနေဖြင့် လူဦးရေ(၁ ဒသမ ၄) ဘီလီယံ စျေးကွက်ကို ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ကျယ်ပြန့်သည့်အာရှနှင့် ဥရောပဒေသကို ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဘဝကိုလည်း တိုးတက်ရရှိစေမည် ဖြစ်ပါကြောင်း၊ ယခုလိုစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာဆောင်ရွက်မည့် တရုတ်နိုင်ငံမှ CREEC ကုမ္ပဏီသည် ကမ္ဘာအကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းပါဝင်သော China Railway Group Co., Limited (CRGC) ၏ အဓိကနည်း ပညာကုမ္ပဏီဖြစ်ပါကြောင်း၊ CREEC ကုမ္ပဏီက ကြိုးပမ်းမှုနှင့်အတူ မန္တလေး- ကျောက်ဖြူ ရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု လုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် အတူတကွ ကြိုးစား၍ ဖြစ်မြောက် နိုင်ခြေလေ့လာမှုအပေါ် အခြေခံကာ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့မီးရထား ခေတ္တ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် (CREEC) မှ Chief Representative of CREC Myanmar တို့က ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့ ရှေ့မှောက် ၌ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန်လဲလှယ် ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ သက်တမ်းအား (၂)နှစ်သတ်မှတ်ထားရှိပြီး စီမံကိန်းလေ့လာမှု အစီရင် ခံစာအား (၁၈)လအတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုဆန်းစစ်ခြင်း တို့ကိုပါ တပါတည်းထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)