ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အနောက်ခြမ်းနှင့် အရှေ့ခြမ်းဟူ၍ နှစ်ပိုင်းခွဲပြီး မြန်မာ့မီးရထားက ဆောင်ရွက်ခဲ့ရာ အနောက်ခြမ်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာ့ မီးရထား အမှတ် (၇)တိုင်းက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ပတ် အနောက်ခြမ်းအား အေဝမ်းကုမ္ပဏီက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အပိုင်းသုံးပိုင်းခွဲ၍ စတင်ဆောင် ရွက်ခဲ့ပြီး တညင်းကုန်း-အင်းစိန် ၃ ဒသမ ၇၅ မိုင်၊ အင်းစိန်-ကြည့်မြင်တိုင် ၅ ဒသမ ၅ မိုင်၊ ကြည့်မြင်တိုင် ဘုရားလမ်း သုံးမိုင်တို့ပါဝင်ကာ စုစုပေါင်း ၁၂ ဒသမ ၂၅ မိုင် ဖြစ်သည်။
ယနေ့ နံနက် ၆ နာရီတွင် ကြည့်မြင်တိုင်-ဘုရားလမ်း၊ အတွင်း လမ်းကို ဖွင့်လှစ်ခဲ့သဖြင့် အစုန်/အဆန်ရထားများ ပုံမှန်အတိုင်း သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ် အရှေ့ခြမ်းကိုမူ ရွှေတောင်ကုမ္ပဏီက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက် ခဲ့ပြီး တညင်းကုန်း- ပုရွက်ဆိတ်ကုန်း ၇ ဒသမ ၅ မိုင်၊ ပုရွက်ဆိတ် ကုန်း- ပုဇွန်တောင် ၈ ဒသမ ၅ မိုင်တို့ပါဝင်ကာ စုစုပေါင်း ၁၅ ဒသမ ၇၅ မိုင် ဖြစ်သည်။
ယနေ့နံနက် ၇ နာရီတွင် ရေကူး-တာမွေ အပြင်လမ်းကို ဖွင့်လှစ်ခဲ့သဖြင့် တညင်းကုန်းဘူတာမှ တာမွေဘူတာအထိ အစုန်/အဆန် (အတွင်းလမ်း/အပြင်လမ်း) နှစ်ခုစလုံး ပြီးစီးသွားပြီဖြစ် ကြောင်းလည်း သိရသည်။
တာမွေ- ပုဇွန်တောင်လမ်းပိုင်းမှာ အပြင်လမ်းပြုပြင်ထားပြီး အတွင်းလမ်းကို ယခုလကုန်တွင် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်၁၉ ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် မြို့ပတ် ရထားပြေးဆွဲမှုကို ရထားတွဲဆိုင်း သုံးဆိုင်းဖြင့်သာ နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများကို ပြေးဆွဲပေးလျက်ရှိပြီး ရုံးဖွင့်ရက် များတွင် တစ်ရက်ပျမ်းမျှခရီးသည် ၃၇၀၀ ခန့်နှင့် ရုံးပိတ်ရက် များတွင် ၃၁၀၀ ခန့် စီးနင်းလျက်ရှိကြောင်း သိရသည်။
သတင်း - မြင့်မောင်ကျော်
ဓာတ်ပုံ - မြန်မာ့မီးရထား