နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကြောင်း အမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၄၂ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၆ ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အလားတူ ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၂၅ ဦးအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာ သင်္ဘောသားများ ဝန်ထမ်းများ အလှည့်ကျ ပြောင်းလဲခြင်းကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများ အား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်