Skip to main content

တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က အမှာစကား‌ပြောကြားကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်  ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက် အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းရင်းသား လူမျိုးများ နေထိုင်ရာဒေသများတွင် ဖော်ဆောင်မည့်   စီမံကိန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေး၊ ထိခိုက်နစ်နာမှု မရှိစေရေးတို့အတွက် ဥပဒေကြောင်းအရ အလေးထား ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အဆင်ပြေချောမွေ့စေရေး ကိစ္စရပ်များ၊ လုပ်ငန်းကြန့်ကြာမှုမရှိစေရေး ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်း များ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသောကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးကြ သည်။

စီမံကိန်း၏ အကျိုးအပြစ်နှင့် အကြောင်းအရာများကို စီမံကိန်း အကောင်အထည်ဖော်မည့် ဒေသရှိ အခြေချနေထိုင်သူ ဒေသခံ တိုင်းရင်းသား များ သိရှိနားလည်စေရန် ၎င်းတို့နားလည် သဘောပေါက်နိုင်မည့် ဘာသာစကားနှင့် နည်းလမ်းများကို အသုံးပြုလျက် ရှင်းလင်းချပြ ပေးသွားမည်ဖြစ်သည်။ အလားတူ အဆိုပါ ဒေသများရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဘဝတို့အပေါ် ထိခိုက်ပြောင်းလဲမှု ဖြစ်ပေါ် စေနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန်  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း တို့ကို သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သည့် စီမံကိန်း ဦးစီးဌာနက စီမံကိန်းလုပ်ငန်း(၃)ခု၊ စိုက်ပျိုးရေးဦးစီးဌာနက စီမံကိန်းလုပ်ငန်း (၇)ခု၊ စက်မှု လယ်ယာဦးစီးဌာနက စီမံကိန်း လုပ်ငန်း(၈)ခု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက စီမံကိန်းလုပ်ငန်း  (၂၅)ခု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက စီမံကိန်းလုပ်ငန်း (၁) ခုနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက စီမံကိန်းလုပ်ငန်း (၄) ခု၊ စုစုပေါင်း   စီမံကိန်းလုပ်ငန်း (၄၈) ခုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများနှင့် နှီးနွှယ်ဆက်စပ်မှုရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်