နေပြည်တော် ဇန်နဝါရီ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်နေမှုနှင့် စပ်လျဉ်းသည့် လုပ်ငန်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing Construction Engineering Group Co.,Ltd. မှ အင်ဂျင်နီယာများ၊ အနုပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ ပြန်လည် ပြုပြင်မွမ်းမံခဲ့ပြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ လုပ်ငန်း၏ ၅၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၁၉၈၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတလီရှန်နင့် မြန်မာနိုင်ငံသို့ လာရောက်စဉ် မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ပေးခဲ့၍ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ ကြံ့ခိုင်မှု၊ ခေတ်မီအသံစနစ်နှင့် မီးအလင်း အမှောင်စနစ်၊ LED စနစ်၊ 4K ရုပ်ရှင်ပြစက်စနစ်၊ လေအေးပေးစနစ်၊ မီးငြှိမ်းသတ်ရေးစနစ်၊ လုံခြုံရေးစနစ်များအား အဆင့်မြှင့် တင်ထားသော နိုင်ငံတကာအဆင့်မီ ဇာတ်ရုံတစ်ရုံ ဖြစ်လာတော့မည်ဖြစ်ကြောင်း၊ ယခုလို နိုင်ငံတကာအဆင့်မီ ဇာတ်ရုံတစ်ရုံအဖြစ် ကူညီ ဆောင်ရွက်ပေးကြသည့်အတွက် မြန်မာနိုင်ငံ အစိုးရနှင့်တကွ မြန်မာနိုင်ငံသားများ၏ကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည် ရင်းနှီးစွာ ကျေးဇူးတင်ရှိကြောင်း၊ အထူးအားဖြင့် ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် Corona Virus Disease 2019 (COVID-19) အချိန် ကာလအတွင်းတွင် ဆောင်ရွက်ဆဲ လုပ်ငန်းများ ရပ်တန့်မသွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လုပ်အားရှင်များကို စခန်းသွင်း၍ လုပ်ငန်းအရှိန် အဟုန်မပျက် ဆောင်ရွက်နေကြသည်ကိုလည်း အထူးပင် ဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြု စကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက နိုင်ငံတိုင်းနိုင်ငံတိုင်း၌ နိုင်ငံကိုယ်စားပြု အထိမ်းအမှတ် အဆောက်အအုံများရှိကြောင်း၊ မြန်မာနိုင်ငံ၌ လည်း National ဟု သတ်မှတ်သည့် အမျိုးသားအဆင့် အဆောက်အအုံများရှိပြီး အမျိုးသားဇာတ်ရုံသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင် မွမ်းမံရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ရေးရာများသာမက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် လည်း အမြဲပူးပေါင်း ဆောင်ရွက်သည့်အတွက် မြန်မာနိုင်ငံ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြား သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing Construction Engineering Group Co.,Ltd.မှ တာဝန်ရှိသူတို့က အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစား ပြုပြင် မွမ်းမံနေမှုများနှင့် စပ်လျဉ်း၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက Beijing Construction Engineering Group Co.,Ltd ၏ လိုအပ်သည့် အကူအညီများ ဆက်လက်ကူညီပေးသွား မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် အမျိုးသားဇာတ်ရုံအသစ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပျော်ရွှင်ကျန်းမာစွာဖြင့် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ကြောင်းနှင့် နှစ်သစ်မင်္ဂလာ အခါသမယတွင် Beijing Construction Engineering Group Co.,Ltd မှ အင်ဂျင်နီယာများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိကြစေရန် ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)