နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးခဲ့ပြီး ၂၀၂၁ ဟူသည့် နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်ကို ကြိုဆိုချိန်၌ ပြီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ်တွင် ဖြတ်သန်းခဲ့သည့် အကြောင်းအရာ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာ နှစ်သစ်၌ အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်ရန်အတွက် အနုပညာရှင်များ၏ စိတ်ဓာတ်ခွန်အားပေးသည့် စကားများအပါအဝင် နှစ်သစ်ဆုတောင်းစကားသံများအား စုစည်းဖော်ပြလိုက်ပါသည်။
ထပ်ဆင့်အကယ်ဒမီရန်အောင်
၂၀၂၁ ခုနှစ် မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့အားလုံး နှစ်ဟောင်းက အညစ်အကြေးတွေ၊ မကောင်းတဲ့ ရောဂါတွေ၊ ဘေးဘယာတွေအားလုံး ဝေးကွာပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ချမ်းသာသုခပြည့်စုံစွာနဲ့ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းပေးပါတယ်။ အခု ကျွန်တော်တို့အားလုံး ခံစားနေကြရ တဲ့ ကိုဗစ်ကာလမှာ လူသားအားလုံး တစ်ပြေးညီ ရုန်းကန်ကြ၊ ကြိုးစားကြ၊ ရင်ဆိုင်ကြရတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့အတွက် လောကရဲ့ အတွေ့အကြုံပါ။ အဲဒီလိုပဲ သဘော ထားပြီး ကာကွယ်၊ တားဆီး၊ နေထိုင် ရင်းနဲ့ စိတ်သစ်၊ လူသစ်၊ နေထိုင်မှု အသစ်နဲ့ ဖြတ်သန်းကြတာပေါ့။ အားလုံးအားတင်းထားပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။

ဒါရိုက်တာကြည်ဖြူသျှင်
ဒီနှစ် နှစ်သစ်ဆုတောင်းကတော့ မြန်မာနိုင်ငံရော၊ ကမ္ဘာသူ ကမ္ဘာသား တွေအားလုံးရော ကျန်းမာရေး ကောင်းမွန်စွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင် ဖို့ ဆုတောင်းပေးပါတယ်။ တစ်ကမ္ဘာ လုံးကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါဆိုးကြီး အမြန်ဆုံးပျောက်ကွယ် သွားစေချင်ပါတယ်။ ဒီရောဂါကြောင့် လူတိုင်း ကျန်းမာရေး၊ စီးပွားရေးတွေ အများကြီး ထိခိုက်ရတယ်။ ဒါကြောင့် ဒီထိခိုက်မှု ရောဂါဘေးကြီးကနေ လွတ်မြောက်ပြီးတော့ အားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ အစစ အောင်မြင်တိုးတက်ကြစေချင်ပါတယ်။ အဓိကကတော့ ဒီရောဂါဆိုးကြီးသာ ပျောက်သွားမယ်ဆိုရင် စီးပွားရေး၊ လူမှုရေးတွေ တိုးတက်လာမှာပါလို့ ယုံကြည်ပါတယ်။

ဇဏ်ခီ
အရှုံးမပေးဘဲ အပြုံးတစ်ဝက်နဲ့
ရုန်းထွက်နိုင်ခဲ့ပြီ…။
နံပါတ်လှသလောက်
အမြင်နဲ့အပြင်မှာ
ကွာခြားလွန်းလှတဲ့
၂၀၂ဝ ရေ ဘိုင့်ဘိုင်ပါ…။
ဒါပေမယ့် …
ဘာမှအစိုးမရခြင်းကို
လက်တွေ့သင်ကြားပေးခဲ့တဲ့ ၂၀၂၀…
ဘဝမှာ ဘာတွေက
တကယ်အရေးကြီးသလဲဆိုတာ
သိမြင်စေခဲ့တဲ့ ၂၀၂၀…
ကျေးဇူးကြီးပါတယ်လေ…။
၂၀၂၀ မှာ ရခဲ့တဲ့မေတ္တာလက်နက်နဲ့
၂၀၂၁ ကို အကောင်းဆုံး
ဖြတ်သန်းကြရအောင်…။
၂၀၂၁ ဟာ ၂၀၂၀ ရဲ့ ဆန့်ကျင်ဘက်နှစ်
အားလုံးအတွက် ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်…။

ဒါရိုက်တာခရစ္စတီးနားခီ
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကမ္ဘာမှာ ကြာရှည်စွာဖက်တွယ်ထား တဲ့အချိန်မှာ ခရစ္စကတော့ မိမိ အတွက် ဖိစီးမှုများစေတဲ့အရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကိုယ်လက်လှုပ်ရှားကစားခြင်း၊ စိတ် ဖိစီးမှုနည်းစေတဲ့ အသီးအနှံများစားသုံး ခြင်း၊ စိတ်ခွန်အားဖြစ်စေမယ့်စာများ ဖတ်ခြင်း၊ ချစ်ခင်ရတဲ့မိသားစုနဲ့အချိန် ပေးပြီး နေထိုင်ရင်း အလုပ်အကိုင် အတွက် ပိုမိုတိုးတက်စေမယ့်လေ့လာ မှုများကိုလုပ်ကိုင်ရင်း ကပ်ရောဂါ ဆိုးကြီး ကမ္ဘာကနေထွက်ခွာသွားမယ့် အချိန်ကို စောင့်စားနေပါတယ်။ အားလုံးလည်း စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံး ကင်းလွတ်ပါစေ။ စီးပွားဥစ္စာတိုးပွား ကြပြီး အနာရောဂါကင်းရှင်းတဲ့ပျော်ရွှင် ဖွယ်ရာဘဝများကို ရရှိကြပါစေ။

ဒါရိုက်တာဏကြီး
၂၀၂၁ ခုနှစ် နှစ်သစ်မှာ ကျွန်တော် တို့တစ်တွေတစ်ခါမှမရဖူး၊ မကျင့်သုံး ဖူးသေးတဲ့ Rating System အသစ် စက်စက်ကြီးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးဖော်ဆောင်နိုင်ပါ စေလို့ ဆုတောင်းလိုက်ပါတယ်။

အကယ်ဒမီပိုင်ဖြိုးသု
နှစ်သစ်မှာ မြန်မာပြည်သူပြည်သား များအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာ လို့ချမ်းသာကြပါစေရှင့်။

ဒေါင်း
နှစ်သစ်မှာ ကျွန်တော်တို့ ပြည်သူ အားလုံး မျှော်လင့်ချက်အသစ်၊ အိပ်မက်အသစ်၊ ပျော်ရွှင်ခြင်းအသစ် တွေနဲ့ လောကတစ်ခုကို ပိုင်ဆိုင်ကြပါ စေ။

ကျော်ဆု
နှစ်သစ်မှာ လူသားတွေအားလုံး ရောဂါကပ်ဘေးအပေါင်းက ကင်းဝေး ကြပြီးတော့ ပျော်ရွှင်စရာနေ့ရက်တွေ ပိုင်ဆိုင်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း အားလုံးအတူတူ ရင်ဆိုင်ဖြတ်သန်း နေရတာဖြစ်လို့ ဘာမှ စိတ်ဓာတ်တွေ မကျဘဲနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိတဲ့ လှုပ်ရှားနေထိုင်မှု စနစ်တွေနဲ့အတူ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါလို့ ပြောချင်ပါတယ်။

ရန်ရန်ချမ်း
နှစ်သစ်ကစပြီးတော့ ပြည်သူတွေ အားလုံး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေအားလုံး ပုံမှန်ထက် ပိုပြီး တိုးတက်အောင်မြင်တဲ့ အနေ အထားတစ်ခု ရောက်ရှိကြပါစေလို့ ဆုတောင်းပါတယ်။ အခု ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း လူသားတွေ အားလုံး ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အောင်ထက်
နှစ်သစ်ချိန်ခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ ရောဂါဘယ တွေ ကင်းရှင်းပါစေ။ အခုဖြစ်နေတဲ့ ကိုဗစ်ရောဂါမှလည်း ကင်းလွတ်ကြ ပြီး မိမိတို့ မိသားစုဝင်တွေအားလုံး ကျန်းမာရွှင်လန်းကြပါစေ၊ ပျော်ရွှင် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဖြိုးပြည့်စုံ
၂၀၂၁ နှစ်သစ်မှာ အားလုံးနေကောင်း ကျန်းမာရှိကြပါစေ။ အနာဂတ်မှာ ပိုပြီးတော့ အောင်မြင်ပျော်ရွှင်ခြင်း တွေကိုပိုင်ဆိုင်နိုင်ပါစေ။ ၂၀၂၀ ပြည့် နှစ်မှာ ဝမ်းနည်းစရာတွေ၊ ထိခိုက် နစ်နာစရာတွေ၊ လောကဓံတွေကို ကျော်ဖြတ်ခဲ့ရတယ်။ အဲဒီကနေ ခု ၂၀၂၁ ခုနှစ်မှာ အဆိုးတွေကနေ အကောင်းတွေကို ပြန်လည်သယ် ဆောင်မယ်၊ ပြီးတော့ရင့်ကျက်ခြင်း တွေနဲ့အတူ ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေအရ ဘာတွေများ ကြိုတင် ပြင်ဆင်မလဲဆိုတဲ့ အတွေးတွေနဲ့ အတူ အဓိကကတော့ ကျန်းမာရေး မှာပိုပြီးကောင်းမွန်ဖို့ ဆုတောင်းပေး လိုက်ပါတယ်။ တွေးထားရမှာကတော့ ကိုဗစ်-၁၉ ရဲ့ ကာကွယ်ဆေးဆိုတာ ထက် ကိုဗစ်-၁၉ နဲ့ အတူတူဘယ်လို ယှဉ်တွဲနေထိုင်မလဲ၊ ဘယ်လိုအဆင် ပြေအောင် ကျွန်တော်တို့ရဲ့ ဘဝနေ့ ရက်ကို ကျော်ဖြတ်ကြမလဲဆိုတာကို တွေးစေချင်ပါတယ်။ နောက်တစ်ခုက တော့ လောကမှာ ဘယ်အရာမှတည်မြဲ မနေဘူး။ ဒါကြောင့် ယခုဖြစ်နေတဲ့အရာ သည် အချိန်တစ်ခုမှာ လွန်မြောက် မှာပါ။ ကောင်းတဲ့အရာတွေလာမှာ ဖြစ်လို့ ဒီယုံကြည်မှုနဲ့သာ ရှေ့ဆက် ကြပါလို့ ပြောချင်ပါတယ်။

အိမ့်ချစ်
၂၀၂၁ ခုနှစ်မှာ ပရိသတ်ကြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကနေ လည်း အမြန်ဆုံးကင်းဝေးပါစေ။ မိသားစုတွေထဲမှာလည်း စိတ်နှလုံး ချမ်းမြေ့ရွှင်ပြုံးကြပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။

ဂုဏ်ရည်အေးကျော်
လာမယ့်နှစ်သစ်မှာ မြန်မာသူ မြန်မာသား၊ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကပ်ရောဂါဘေး စီးပွားဒုက္ခ ဘေး အကျပ်အတည်းအခက်အခဲများ အားလုံးမှ လွန်မြောက်ပြီး ကျန်းမာ ချမ်းသာစွာနဲ့ ကိုယ်စိတ်နှလုံး အေးချမ်းတဲ့နေ့ရက်တွေကို ရရှိပိုင် ဆိုင်နိုင်ကြပါစေ။

ဝန
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုအသစ်အသစ်တွေ ရယူ နိုင်ကြပါစေ။ ကိုဗစ်ကာလမှာ စိတ်ညစ်ပေမယ့် စိတ်ဓာတ်မကျဘဲ အိမ်မှာနေရင်း ခန္ဓာခွန်အား၊ စိတ်ဓာတ်ခွန်အားတွေ ကောင်း အောင် ကျန်းမာရေးနဲ့အညီ နေထိုင် စားသောက် အသက်မွေးမြူကြပါ။ ရောဂါကပ်ဆိုးကြီးပြီးတာနဲ့ ကျွန်တော် တို့လုပ်ချင်တဲ့အလုပ်တွေ၊ မက်ထားတဲ့ အိပ်မက်တွေအများကြီးကို အောင်မြင် သည်ထက် အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ကျန်းမာပြီး ခွန်အားအပြည့်နဲ့ အသင့်ဖြစ်နေတဲ့ လူသားတွေဖြစ်အောင် ကြိုးစားကြပါ လို့ အားပေးချင်ပါတယ်ဗျာ။

မေလသံစဉ်
၂၀၂၁ နှစ်သစ်ကနေစပြီး မိသားစု တိုင်း ကျန်းကျန်းမာမာနဲ့ အလုပ် အကိုင်၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မေလ အနေနဲ့လည်း အခုကာလမှာ ကျန်းမာ ရေးအတွက် အရာရာသတိနဲ့ နေထိုင် သွားလာ စားသောက်နေပါတယ်။ ဒီ ကိုဗစ်-၁၉ ကာလကြီးက ဘယ် လောက်ထိ ကြာမယ်မှန်းမသိတော့ ဘာပဲလုပ်လုပ် လမ်းညွှန်ချက်တွေနဲ့ အညီ Mask တပ်၊ လက်ဆေး၊ အားရှိ အောင် စားသောက်ရင်းနဲ့ပဲ အလုပ် တွေကတော့ လုပ်နေကြရတာမို့လို့ အားလုံးလဲ အရာရာဂရုစိုက်ကြစေချင် ပါတယ်ရှင်။ ။
တွေ့ဆုံမေးမြန်း-မွန်းဦးနဒီ