နယ်ရုံးများ၏သတင်းများ

Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့နံနက်ပိုင်း က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်စာများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်သည်။
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးလက်နေတိုင်းရင်းသား ပြည်သူမဲဆန္ဒရှင်များ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀)နာရီ က မိုင်းမန်ကျေးရွာအုပ်စု၊ အေးစံကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို သြဂုတ်လ ပထမပတ်ကစတင်၍ ရပ်ကွက်၊ကျေးရွာများတွင် နေ့ရက်အလိုက် တိုက်ကျွေးလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီအချိန် က ပန်းတိမ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Aug 17,2020
ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က (၂၃) ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၉)ဦး စုစုပေါင်းနေရပ်ပြန် ပြည်သူ (၃၂)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် (၆) နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Aug 17,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန် က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် စာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေကျပ် (၂၀၀၀၀/)ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ယနေ့မွန်းလွဲ ၂ နာရီ က ဒုတိယအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။