မိုးနဲမြို့ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းဆောင်ရွက်

မိုးနဲ    ဩဂုတ်    ၃၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက မြို့မဈေးအတွင်း ပျံကျဈေးသည်နှင့် ဈေးဝယ်များ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေရေး၊ စားသောက်ကုန်များ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန် က အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရန်၊ နှာခေါင်းစည်းများ တပ်ဆင် အသုံးပြုရန်၊ ဈေးသည်များ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် နေထိုင်ရောင်းချကြရန်၊ ဈေး ရောင်းသူ/ ဈေးဝယ်သူများအား ဈေးအဝင်လက်ဆေးဘေစင်များတွင် လက်များဆေးစေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးရောင်းချခြင်း/ဝယ်ယူစေခြင်းများကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း မပါသူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)