ကယားပြည်နယ် ဝန်ကြီးချုပ် တောင်ကွဲစေတီတော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး၊ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် မြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများ လှည့်လည်ကြည့်ရှု
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က သီရိမင်္ဂလာတောင်ကွဲစေတီတော်မြတ်သို့ ရောက်ရှိကာ စေတီတော်ပုရိဝုဏ်တဝိုက် လှည့်လည်ကြည့်ရှုပြီး ဝန်ကြီးချုပ်က “ယခုနှစ်ပွင့်လင်းရာသီမှစတင်ပြီး တောင်ကွဲစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး၊ အာရုံခံတန်းဆောင်းများ၊ ဇရပ်များ၊ နားနေဆောင်များစသည်တို့ကို ဘက်စုံပြုပြင်မွန်းမံရေး၊ ဓါတ်လှေကားအား မီးပျက်ပါက မီးစက်ဖြင့်အသုံးပြုနိုင်ရေး၊ တောင်ကွဲစေတီတော် တောင်တော်ပုရိဝုဏ်အား သန့်ရှင်းသာယာလှပရေး” စသည်တို့ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့သည်။ ဆက်လက်၍ မိုးကောင်းဘုရားကြီးနှင့် မနောမယရန်အေးငြိမ်းစေတီတော်သို့ ရောက်ရှိပြီး သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဝန်ကြီးချုပ်က “လျောင်းတော်မူဘုရားကြီးအား သင်္ကန်းအသစ်ကပ်လှူရေးနှင့် ရုပ်ပွားတော်အား ရေဆေးမွမ်းမံပူဇော်ရေး၊ တန်းဆောင်းအားပြုပြင်မွမ်းမံရေး” ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။