ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာရေး ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ ပြည်နယ်လက်ရွေးစင် အားကစားသမားများကို ဂုဏ်ပြုအားပေး

လွိုင်ကော် စက်တင်ဘာ ၂၇

ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့အား Green City၊ Clean City၊ Smart City ဖြစ်စေရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လက်ရွေးစင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ထေးငှားလျားကန်တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေအနားယူနိုင်ရန် ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်က ထေးငှားလျားကန် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးထားသည့် ပန်းအလှပင်များ ရှင်သန်အောင် စနစ်တကျ ထိန်းသိမ်းရန်နှင့် အားကစားလေ့ကျင့်ရေး ပစ္စည်း (Out Door Fitness) များကို ပြန်လည်အသုံးပြုနိုင်ရေး စနစ်တကျ ပြုပြင်တပ်ဆင်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်နယ်မြေအတွင်း နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့်  သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယားကန်သာသို့ ရောက်ရှိပြီး ကန်အတွင်း သဲနုန်းများနှင့် ဒိုက်အမှိုက်များအား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုများနှင့် နောင်ယားကန်သာတွင် ရိုးရာပစ္စည်းများနှင့် ရိုးရာအစားအစာများ ရောင်းချရန် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်ရန်၊ ကန်နှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပမှုကို မထိခိုက်စေရေးအတွက် အမှိုက်စွန့်ပစ်စနစ်များ စနစ်တကျစီမံပေးရန်၊ အပန်းဖြေ အနားယူရန်နေရာများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်အားကစားကွင်းသို့ ရောက်ရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် အေရိုးဗစ်နှင့် U-25 အမျိုးသမီးဘောလုံး အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင်သည့် အားကစားသမားများမှ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလတစ်လျှောက် ကျန်းမာရေးအထူးဂရုပြုရန်နှင့် အုပ်ချုပ်သူ၊ နည်းပြများ၏ သင်ကြားပြသမှုများကို အလေးထား လိုက်နာကြရန် မှာကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ဘောလုံးကွင်းနှင့် မီတာ ၄၀၀ Synthetic  ပြေးလမ်း ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားကဏ္ဍ ပိုမိုတိုးတက်ရေး၊ ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေး အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးရန်လိုကြောင်း၊ အားကစား ကွင်းများ၊ အားကစားရုံများတွင် အားကစားဝါသနာရှင်များအနေဖြင့် မိမိတို့ ဝါသနာပါရာ အားကစားနည်းများအလိုက် လာရောက်လေ့ကျင့်နိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်အတွင်းရှိ ကျောင်းထိုင်ဆရာတော် သီတင်းသုံးဆောင်၊ စာသင်သံဃာတော်များ သီတင်းသုံးသည့် သုံးထပ်ကျောင်းဆောင်၊ ဓမ္မာရုံ၊ သိမ်ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်များ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သီတင်းကျွတ်ကာလတွင် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဥပုသ်သီလများ ဆောက်တည်နိုင်ရေး၊ ဘာသာရေးအခမ်းအနားများနှင့် ပွဲတော်များကျင်းပနိုင်ရေး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)