လွိုင်ကော် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ သက်ကြီးပုဂ္ဂိုလ်များက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့သည်များကို ကျေးဇူးပြုသည့်အနေဖြင့် လည်းကောင်း၊ လက်ရှိလူမှုအဖွဲ့အစည်းများအတွက် အကျိုးပြုနေဆဲ၊ အသုံးဝင်နေဆဲဖြစ်၍ အသိအမှတ်ပြု ဂုဏ်ပြု သည့်အနေဖြင့်လည်းကောင်း ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံ အသိအလိမ္မာ ဗဟုသုတများဖြင့် နောင်မျိုးဆက်သစ် လူငယ်များအား ဆုံးမသွန်သင်ပေးစေလိုပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ခိုင်မြဲသောလူမှုအသိုက်အဝန်း၊ မိသားစုဘဝများကို တည်ဆောက်နိုင်ရန်နှင့် ဇရာကိုအန်တုနိုင်သူများဖြစ်အောင် အားလုံးဝိုင်းဝန်းပံ့ပိုးကူညီ စောင့်ရှောက်ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သက်ကြီးပုဂ္ဂိုလ်အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂါရဝလက်ဆောင်များကို လက်ရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက တက်ရောက်လာကြသည့် သက်ကြီးပုဂ္ဂိုလ် အဘိုးအဘွားတစ်ဦးချင်းထံသို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂါရဝလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဘိုးအဘွားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွား (၅၀) ဦးတို့ကို အာဟာရကျွေးမွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)