မိုင်းကြောင့်ထိခိုက်ဒဏ်ရာ ရရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် အောက်တိုဘာ   ၃

ကယားပြည်နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃ ရက်နေ့ နံနက်က လွိုင်ကော်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မသန်စွမ်းသူများ၏အရေးကိစ္စများကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄.၆ % ဖြစ်သော ၂.၃ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ပြီး ကယားပြည်နယ်တွင် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်နိုင်ရေး အခွင့်အရေးများပိုမိုရရှိစေရေးအတွက် ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းထားလျက်ရှိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ သည်လည်း မသန်စွမ်းသူများအတွက် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခွင့်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ တရားမျှတမှုရရှိခွင့်၊ အမှီအခိုကင်းစွာနေထိုင်ရေးနှင့် လူမှုဘဝတွင် ပူးပေါင်းပါဝင်ခွင့်ရရှိရေး ပူးပေါင်းဆောင်ရွက်‌ပေးကြရမည်ဖြစ်ပြီး အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာစေရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သော မသန်စွမ်း သူများအပေါ် ခွဲခြားဆက်ဆံလေ့ရှိသော ဓလေ့ထုံးတမ်းများကို အဆုံးသတ်ရန်နှင့် တိုးတက်သော မှန်ကန်သော အတွေးအမြင်များအား လိုက်နာကျင့်သုံး စည်းရုံးသွားကြပြီး မသန်စွမ်းသူများ၏ ဘဝကိုမြင့်တင်သွားကြရန်” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကယားပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူ (၉)ဦးကို တစ်ဦးကို ငွေကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း(၁၈)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)