လွိုင်ကော်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

လွိုင်ကော် အောက်တိုဘာ ၁

၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာ၌ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို နောင်တော်တပ်မတော်နှင့်လက်တွဲကာ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ပါ ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကျင့်ဝတ်၊ စွမ်းရည်နှင့် စည်းကမ်းပြည့်ဝသော ရဲတပ်ဖွဲ့ဝင် ကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို အစဉ်မြှင့်တင်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မောင်မောင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက လည်းကောင်း၊ မှုခင်းကျဆင်းရေးအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေ များအား ပေးအပ်ရာ တပ်ဖွဲ့ဝင်များက လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က မှုခင်းကျဆင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုရတပ်ဖွဲ့နှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကာ တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)