လွိုင်ကော် စက်တင်ဘာ ၂၆
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခက်အခဲများနှင့် ညှိနှိုင်းပေးရမည့်အချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်များမဆုံးရှုံးစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်များစာရင်းများ ပြုစုထားရှိမှု၊ မဲရုံများ လျာထားမှု၊ ကိုယ်စားလှယ်လောင်းများ စိစစ်မှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့မှုအခြေအနေများအားလည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ ခန့်အပ်ထားရှိမှုများနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဖြည့်ဆည်းပေးရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်များကို အသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)