အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ကျေးရွာပေါင်း(၂၆)ရွာအား ဒေသခံမွေးမြူရေးတောင်သူများ တိရစ္ဆာန်အစာ အခက်အခဲ မဖြစ်စေရေးအတွက် တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံမှ သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Quarantine ဝင်ရောက်နေသူများနှင့် Positive center ရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ နှစ်အထက်နှင့် မသန်စွမ်းသူများ အာဟာရလုံလောက်စွာ စားသုံးနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကင်းကြိမ်ဖူးကုန်းကျေးရွာနေ တောင်သူ ဦးကျော်လှ ယာမြေ ၂ ဧကကွက်တွင် ဆောင်းနှမ်းနေရာအစားထိုး ရွှေတောင်-၈ မိုးနှောင်းချည်မျှင်ရှည်ဝါ လက်တွေ့ စမ်းသပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်က အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ရှိနေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့်အတူ ပါးစပ်နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။    
Sep 13,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် တာဝန်ရှိဌာနဆိုင်ရာများက ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မယာယီပျံကျစျေးတွင် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုအရ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်း၏ကြီးကြပ်မှုဖြင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက် မှုနှုန်း မြင့်တက် နေခြင်း၊ဖျားနာသူများပြားနေခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါကွင်းဆက်ဖြတ်တောက်နိုင်ရေး အတွက် စက်တင်ဘာလ၁၃ရက်နေ့ နံနက်၁၀နာရီအချိန်မှစ၍ အလက-လယ်တောင်ယာနှင့် လယ်တောင်ယာရွာ ဝေနေယျ သုခဘုန်းတော်ကြီး ဓမ္မာရုံအတွင်း ဆရာတော်/သံဃာတော်(၄) ပါးနှင့် ဒေသခံ(၁၁၇)ဦး ပေါင်း(၁၂၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲ စစ်ဆေးပေးရာ သံဃာတော်များတွင် ရောဂါပိုး(မတွေ့)ရှိဘဲ ဒေသခံလူနာသစ် (၄၅)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။