ဘောလခဲ ဖေဖော်ဝါရီ ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးမှဦးစီးကျင်းပသော သီးနှံများ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ခရိုင်စိုက်ပျိုးရေးရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲ ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် “ယခုလို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသွားမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့လာ မှတ်သားကြစေလိုကြောင်း၊ မိမိလေ့လာမှတ်သားရသမျှကို မိမိဒေသရှိ စိုက်ပျိုးသီးနှံများအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်စနစ် မှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားခြင်း၊ သီးနှံများအရည်အသွေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာရပ်များအား လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းသားတစ်ဦးထံ သင်တန်းမှတ်စုစာအုပ်များ ပေးအပ်ခြင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်မှ သင်တန်းသား တစ်ဦးထံ သင်တန်းထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းကို ရက်တိုတစ်ရက်တည်းဖြင့် ဘောလခဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ တောင်သူစုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လှရွှေ