မိုးညှင်းမြို့ စည်ပင်သာယာဈေးအတွင်း (FDA)မှ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားသောက်များအား စစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ မိုးညှင်းမြို့ စည်ပင်သာယာ ဈေးအတွင်း ရောင်းချနေသော အစားအသောက်များတွင် တားမြစ်ဓာတုဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေး များ ပါဝင်မှုမရှိစေရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစစ်ဆေးမှုနှင့် ပတ်သက်၍ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာ အောင်မော်ခန့် ဦးစီးအရာရှိ(အစားအသောက်)က “အဓိက ကျွန်တော်တို့ဓာတ်ခွဲယာဉ်ပေါ်မှာ စစ်ဆေးနိုင်တဲ့ အစားအသောက်တွေကို အဓိကထားပြီးစစ်တယ်၊ ဒီဓာတ်ခွဲယာဉ်နဲ့ စစ်လို့မရတဲ့ အစားအသောက်တွေကို ပြည်နယ်ရုံးကို ပို့ပြီးစစ်ဆေးမယ်” ဟု ပြောသည်။

ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် Sulfiting Agent/Sodium Hydrosulphite ၊ Salicylic Acid ၊ Borax ၊ Formalin ၊ Rhodamine B ၊ Auramine-O ၊ Free Mineral Acid စသည်များကို စမ်းသပ်စစ်ဆေးနိုင်ပြီး ယနေ့ ဈေးအတွင်းမှ အစားအသောက်နမူနာယူစစ်ဆေးခဲ့သည့် ရလာဒ်များအရ အထက်ဖော်ပြပါ အရာများ ပါဝင်ပါက အများပြည်သူအန္တရာယ် ကင်းရှင်းစေရေးအတွက် အဆိုပါ အစားအသောက် များအား ရောင်းချမှု မရှိစေရေးနှင့် ဒုတိယအကြိမ် စစ်ဆေးစဉ်တွေ့ရှိခဲ့ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ယခုစစ်ဆေးဆောင်ရွက်မှုကို ပြည်နယ်(FDA) မှ ဒေါက်တာအောင်မော်ခန့် ဦးဆောင်သော အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ က စုပေါင်း၍ မိုးညှင်းမြို့နယ် စည်ပင်သာယာ ဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်သည့် ဈေးဆိုင်ကြီးများ၊ အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များ၊ ဒေသတွင်း ထုတ်လုပ်ရောင်းချသည့် အစားအသောက်များ ရောင်းချ သည့် ဈေးဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)