အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့်နီးစပ်လျက်ရှိသည့် ဘားအံခရိုင် အတွင်းရှိ မီးဇိုင်းကျေးရွာအုပ်စု၊ဝဲပျံကျေးရွာအုပ်စု၊တကောင်ဘိုးကျေးရွာအုပ်စုတို့ရှိ ကျေးလက်နေပြည်သူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ဆန္ဒရှိကြ သဖြင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူ ဦးဆောင်၍ ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ ကြက်ခြေနီသူနာပြုအဖွဲ့များက ဘားအံမြို့နယ်ရှိ မီးဇိုင်းကျေးရွာ၊ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)သို့ ယမန်နေ့နံနက်ပိုင်းကအသက်(၁၈)နှစ်အထက် ရွာသူ၊ရွာသားများ အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြင့် သွား ရောက် ထိုးနှံပေးခဲ့ကြ‌ကြောင်းသိရသည်။
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီ၌ ရန်ကင်း မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် စည်ပင်အိမ်ရာဝင်အတွင်းဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ ကြောင်း သိရသည်။
Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ဈေးသူဈေးသားများနှင့် ကိုဗစ်-၁၉ရောဂါ သံသယရှိသူတို့အား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT Test Kitဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးနှင့်အမှတ်(၁၊၂၊ ၃၊ ၅)ရပ်ကွက်တို့၌ အခမဲ့ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Sep 22,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်စုရပ်ဖြစ်သည့် မအီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 22,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က လားရှိုးမြို့ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်းနှင့် မြို့တွင်းအဓိက လမ်းမကြီးများ လမ်းနယ်မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 22,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက  မိတ္ထီလာ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် အိမ်ထောင်သည်အိမ်ယာတွင် ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူ သင့်သည့် တိရိစ္ဆာန်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။