အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် နိုင်ငံဝန်ထမ်းများ၊ အသက် (၅၀)နှစ်နှင့် အထက်ရှိ သူများအား Boster Dose ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ခရိုင်နှင့်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 22,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားပေါင်း (၈၇၇)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း ယ​နေ့ နံနက် ၁၁ နာရီက မြို့နယ်ပညာရေးရုံးမှ သိရသည်။
Mar 22,2022
ကချင်ပြည်နယ်၊​ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လောင်ဗျစ်ခေါင်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့၊ ဘာသာပေါင်းစုံလူငယ်များ စုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ယမန်‌နေ့ နံနက်(၈)နာရီတွင် ပန်ဝါလမ်းခွဲမှ စတင်၍ မြို့တွင်းလမ်းမကြီး​တစ်​​လျှောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့‌သည်။
Mar 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား ​အောင်မြင်စွာ ကျင်းပ​ဆောင်ရွက်နိုင်​မှု အ​ခြေအ​နေများအ​ပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် ပင်လယ်ကမ်းခြေ အနီးအနား၌ နေထိုင်ကြသည့် မိဘပြည်သူများအား သဘာ၀ဘေး လွတ်ကင်းသည့် နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ယမန်နေ့ ညပိုင်းတွင် မကျေးငူ ကူးတို့ဆိပ်ကမ်းနား၊ ဦးရွှေလယ်ကုန်း၊ ဂုံးသောင်၊ စိမ့်စမ်းသာ၊ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Mar 22,2022
ကရင်​ပြည်နယ်၊ ကော့ကရိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူတို့ ပူးပေါင်း ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဂျိုင်းတံတားတည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီအသင်း (ခွဲ)မှ ကြီးမှူး ဖွင့်လှစ်မည့်ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို မတ်လ၂၃ ရက်နေ့၌ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။