မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မဿကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းကြောင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက်၍ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ဓမ္မဿကျေးရွာ၌ တည်ငြိမ်အေးချမ်းနေပြီး ဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ်အဆောက်အဦးများအား အရေးကြီးသည့် အမိုးအကာများဖြင့်လုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။