သီပေါ မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မေလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ (၃)ရက်အတွင်း မျက်စိဝေဒနာရှင် (၇၃၈)ဦးကို စမ်းသပ်ပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင် (၁၄၅)ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို မေလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ (၅)ရက်ကြာ စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နှင့် အနီးတစ်ဝိုက် မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ်ကုသလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)