မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

​မော်လမြိုင် မေ ၈

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မဿကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်‌ရောက်ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်း​ကြောင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက်၍ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိ​ပါကြောင်း၊ ယခုအချိန်တွင် ဓမ္မဿကျေးရွာ၌ တည်ငြိမ်အေးချမ်းနေပြီး ဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ်အဆောက်အဦများအား အ​ရေးကြီးသည့် အမိုးအကာများဖြင့်လုံခြုံစွာ​ ပြန်လည်နေထိုင်နိုင်​ရေး အမြန်ဆုံးဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က အ​ခြေခံပညာစာသင်​ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ​ကျောင်းသား၊ ​ကျေင်းသားများ ပညာဆက်လက်သင်ကြားနိုင်​ရေး၊ ကျန်မာ​ရေး​စောင့်​ရှောက်မှုလုပ်ငန်းများ ​ဆောင်ရွက်နိုင်​ရေး၊ လိုအပ်သည့် လျှပ်စစ်မီးနှင့် ​သောက်သုံး​ရေရရှိ​ရေး လုပ်ငန်းများကို ပေါင်းစပ်​ဆောင်ရွက်​ပေးကြရန်နှင့် ပြည်နယ်အစိုးရအ​နေဖြင့်လည်း အတတ်နိုင်ဆုံးဖြည့်ဆည်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်းနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း​ဆောင်ရွက်နိုင်​ရေးအတွက်လည်း ဝိုင်းဝန်းကူညီ​ဆောင်ရွက်​ပေးကြ​စေလိုကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌတို့မှ ဓမ္မဿကျေးရွာနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးမှ ဓမ္မဿကျေးရွာရှိ ​​နေအိမ်အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်​ရေးဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ ပြည်နယ်လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီးက ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ဖြည့်စွက်​ဆွေး​နွေးတင်ပြခဲ့ကြပြီး တက်​ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့​ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)