မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲ ကျင်းပ

မိုင်းတုံ မေ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်အောင်ထွန်းဦး‌‌ဆောင်၍ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှမိုင်းကန်ကျေးရွာအုပ်စု၊ ကျေးရွာများတွင်နေထိုင်သူပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် ဆယ်နှစ်ပြည့်ကတ်၊ ပျောက်ဆုံး/ ပျက်စီးလဲလှယ်ကတ်တို့အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးဦးအောင်အောင်ထွန်းက ကာယကံရှင်လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချပ်အဆင့် (၃) ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၈) ကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်း (၁၈) စုတို့အားပြည်သူလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ပြည်သူများအား Biometric Data ကောက်ယူရေးနှင့်ပတ်သက်သည့်အချက်အလက်များ သိရှိနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှသိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)