လွိုင်လင်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ

လွိုင်လင် မေ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)နှင့် သက်/မွေးသင်တန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်က မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ထူးချွန်ဆုရရှိကြသည့် ကျေးရွာများကို ဆုချီးမြှင့်ရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပထမဆုရရှိသည့် ခဲလောင်းကျေးရွာကို မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပါဟုတ်ကျေးရွာအား မြို့နယ်ဥပဒေအရာရှိကလည်းကောင်း၊ တတိယဆုရရှိသည့် နောင်ယာဆိုင်းကျေးရွာ+စံခတ်ကျေးရွာတို့အား အသေးစားစက်မှုလက်မှုလုပ်ငန်း ခရိုင်ဦးစီးမှူးကလည်းကောင်း အသီးသီးဆုချီးမြှင့်ပေးကြပြီး ပထမပိုင်းအစီအစဉ်ကို ခေတ္တရပ်နားပါသည်။ ယင်းနောက် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ‌ကျေးရွာအလိုက် အုပ်စုဖွဲ့ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လွိုင်လင်မြို့နယ်အတွင်းစီမံကိန်းလုပ်ငန်းတွင်ပါဝင်သည့် ကျေးရွာပေါင်း (၄၅)ရွာမှ တစ်ရွာလျှင် ကိုယ်စားလှယ်နှစ်ဦးဖြင့် (၉၀)ဦး၊ ဌာနဆိုင်ရာအကြီးအကဲ (၁၀)ဦး စုစုပေါင်း (၁၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)