ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၄)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၃)ဉီး နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲ အချိန် က (၂၁)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၄)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့တွင် မသန်စွမ်းသူ(၄၅)ဦးအား ထောက်ပံ့ကြေးများပေးအပ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ စားဝတ်နေရေး တစ်ထောင့်တစ်နေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ အဆိုပါ ထောက်ပံ့ကြေးများကို မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနက ဦးဆောင်၍ မသန်စွမ်းသူ(၄၅)ဦးအား ထောက်ပံ့ကြေးများအား ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံပေး အပ်လျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်း(၁၀၀)အောက် ခွင့်ပြုရန်ပုံ‌ငွေဖြင့် လွိုင်လင်မြို့ မြို့တွင်းရှိ သုခလမ်းကို ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ ရာ စက်တင်ဘာ ၁၀ ရက်နေ့က ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထု ဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

မြစ်သားတွင် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၀)နှင့်အတူ ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နယ်စပ်ဒေသ၌ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်းမြို့၊ မြို့ပေါ်နှင့် ကျေးရွာ များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ အသီးသီး လက်ဝယ် အရောက်ပေးအပ်သည်။

တာမိုးညဲမြို့၌ ဈေးဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က တာမိုးညဲမြို့၊ မြို့နယ်(ခွဲ) စည်ပင် သာယာရေး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်း ကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသည့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အိမ်တိုင်ရာရောက် လိုက်လံ၍ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများမှ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရန် မှာကြားခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။
Subscribe to