ဖားဆောင်း စက်တင်ဘာ ၁၀
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ စားဝတ်နေရေး တစ်ထောင့်တစ်နေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ အဆိုပါ ထောက်ပံ့ကြေးများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ မသန်စွမ်းသူ(၄၅)ဦးအား ထောက်ပံ့ကြေးများအား ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မသန်စွမ်းတစ်ဦးလျှင်ငွေ (၃၀,၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး၊ ယခင်ကနဦးထောက်ပံ့မှုအဖြစ် မြို့နယ်အတွင်းရှိ မသန်စွမ်း(၉၅)ဦးကို ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထပ်မံထောက်ပံ့ရန် ကျန်ရှိသော မသန်စွမ်း (၄၅)ဦးကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါ်ဝင်းဗိုလ်ထံမှ သိရသည်။
ထိုသို့ ထောက်ပံ့မှုတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် အမြင် အာရုံမသန်စွမ်းသူများ အားလုံးပါဝင်ပြီး ယခုကဲ့သို့ ထောက်ပံ့ကြေးရရှိသည့်အတွက် များစွာကျေးဇူး တင် ဝမ်းသာလျက်ရှိပါကြောင်း မသန်စွမ်းသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)