တပ်ကုန်း ဇန်နဝါရီ ၆
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ် မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် စာဆိုတော်နေ့နှင့်ပတ်သက်သည့်စိတ်ကြိုက်ခေါင်းစဉ်ဖြင့် နံနက်ပိုင်းတွင် (၁၇)ဦး၊ နေ့လယ်ပိုင်းတွင်(၈)ဦး၊ စုစုပေါင်းစာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင် ယှဉ်ပြိုင်ကြသည်။
ဂန့်ဂေါ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကြက်ရိုးကျေးရွာ အုပ်စု၊ လယ်ဓမ္မကျေးရွာတွင် နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မွမ်းမံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအား ဇန်နဝါရီလ ၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အိမ်မဲ ဇန်နဝါရီ ၆
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များ စနစ်တကျပြေးဆွဲရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူး ကျင်းပပူဇော်သော (ပထမအကြိမ်) နှစ်သစ်ဦးမင်္ဂလာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျင်းပခဲ့သည်။
ကံမ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မင်းတုန်းချောင်း၊ မဒေးချောင်းဘေး ဝဲယာတစ်လျှောက်ရှိ မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့် ဆောင်းရာသီပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ ပဲစိုက်ခင်းများတွင် ပဲတီစိမ်းစိုက်ဧက ၁၃၀၅၅ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲစိုက်ဧက ၁၄၈၀၄ ဧကနှင့် ကုလားပဲ၊ မတ်ပဲ အစရှိသည့်ပဲစိုက်ခင်းများအား စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဆော ဇန်နဝါရီ ၆
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက လက်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
မကွေး ဒီဇင်ဘာ ၆
၂ဝ၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မကွေးခရိုင် အားကစားကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပေါက်မြို့နယ်အသင်းနှင့် ဆိပ်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပေါက်မြို့နယ်အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
မန္တလေး ဇန်နဝါရီ ၆
လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ညောင်တုန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့ ည ၇ နာရီခွဲက ညောင်တုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ဝန်း အနီး၊ မိုးဟုတ်ဘုရားရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
စာပေဟောပြောပွဲတွင် စာရေးဆရာမ သန်းမြင့်အောင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဗေလုဝ(ရုပ်ရှင်သရုပ်ဆောင်)က “၂၀၂၀ အနာဂတ်ခရီးကို တက်ညီလက်ညီ ချီတက်ကြစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
Copyright 2020