ရေအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြပါစို့
ရာသီဥတုပြောင်းလဲလာခြင်း၏ အကျိုးဆက်များကြောင့် ကမ္ဘာ့နိုင်ငံအများစု၏ ရေဆိုင်ရာကဏ္ဍများတွင် တိုက်ရိုက်အကျိုးဆက် ခံစားရလျက်ရှိပြီး ယင်းအကျိုးသက်ရောက်မှုသည် သက်ရှိလူသားများ၊ ဂေဟစနစ်များအပြင် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍစသည့်ကဏ္ဍအသီးသီးတို့ကိုပါ ထိခိုက် စေလျက်ရှိကြောင်း တွေ့ရှိကြရပါသည်။ ၂၀ ရာစုနှစ်လယ်ပိုင်းမှစတင်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ရေသံသရာလည်မှုများကို ထင်ရှားစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိခဲ့ကြရပါသည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ်၊ ရေနှင့် သန့်ရှင်းရေ ရရှိနိုင်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ကိုလည်း တွေ့ရှိကြရပါသည်။ ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှုကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ အပူချိန်မြင့်မားခြင်းနှင့်အတူ ရေငွေ့ပြန်ခြင်းနှင့် ရေလိုအပ်ချက်များ မြင့်မားလာခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း၊ လွန်ကဲမိုးလေဝသဖြစ်စဉ်အရေအတွက် တိုးမြင့်လာခြင်းစသည်တို့ကြောင့် ရေလိုအပ်ချက်ပုံစံပြောင်းလဲလာခြင်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရှိကြရပါသည်။
