Skip to main content

တောင်သူများ သိသင့်သော တိုးတက်စိတ်နှင့် ကန့်သတ်စိတ်

စိုးမိုးဝင်း (စိုက်ပျိုးရေး)

“တိုးတက်လိုစိတ်ရှိတဲ့တောင်သူ” ဆိုသည့် စကားလုံးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ၂၀၀၈-၂၀၁၁ ခုနှစ်အတွင်းက ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးပညာပေးရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ စတင်သိခဲ့ရသည်။ ထိုအချိန်က တိုးတက်လိုစိတ်ရှိပြီး တီထွင်ကြံဆတတ်သော တောင်သူနှင့်သမားရိုးကျလမ်းဟောင်းအတိုင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူတို့ကို ကွဲကွဲပြားပြားမသိခဲ့ပေ။ တောင်သူများနှင့် ထိတွေ့ဆက်ဆံမှု များပြားလာသောအခါမှ တိုးတက်လိုစိတ်ရှိသော တောင်သူတို့သည် တိုးတက်ကြ၍ တိုးတက်လိုစိတ်မရှိသော တောင်သူတို့သည် မတိုးတက်ကြောင်းကို သိခဲ့ရသည်။ ဤသဘောတရားကို ကာရိုလ်စုစန်ဒီဝစ်ခ် (Carol Susan Dweck)၏ စိတ်ဓာတ်(Mindset)၊ အောင်မြင်မှုစိတ်ပညာသစ် (The New Psychology of Success) စာအုပ်တွင် တိုးတက်စိတ် (Growth Mindset) နှင့် ကန့်သတ်စိတ်(Fixed Mindset) ဟူ၍ လေ့လာတွေ့ရှိရသည်။

တိုးတက်စိတ်ရှိသော တောင်သူများ

တိုးတက်စိတ်ရှိသောလူတို့သည် အာရုံစူးစိုက်ပြီး အလုပ်ကြိုးစားလျှင် မိမိ၏စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်ဟု ယုံကြည်ကြသည်။ ထိုယုံကြည်ချက်နှင့်အတူ အသိပညာကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်သည်၊ စိန်ခေါ်မှုများကို လက်ခံသည်၊ နောက်ပြန်ဆွဲအားနှင့် ကြုံကြိုက်သည့်အခါပါမသွားဘဲ ဆက်လက်တည်ရှိနိုင်သည်၊ ကျွမ်းကျင်သူဖြစ်ရန်အတွက် ကြိုးစားအားထုတ်မှုကို နည်းလမ်းဟုမြင်သည်၊ ဝေဖန်ပြောဆိုမှုများမှ လေ့လာသင်ယူသည်၊ အခြားသူများ၏ အောင်မြင်မှုများကို လေ့လာကြသည်။ တိုးတက်စိတ်ရှိသူတို့သည် ကြိုးစားအားထုတ်မှုနှင့် လေ့ကျင့်မှုတို့မှတစ်ဆင့် စွမ်းရည်များကို တိုးတက်အောင်လုပ်ကြသည်။ စိုက်ပျိုးရေးဝေါဟာရအရပြောလျှင် တိုးတက်စိတ်ရှိသော တောင်သူများသည် “စိုက်ပြီးရောင်းမယ်” ဆိုသည့် စိတ်ဓာတ်ထက် “ရောင်းဖို့စိုက်မယ်” ဆိုသည့် စိတ်ဓာတ်မျိုးရှိသည်။

“စိုက်ပြီးရောင်းမယ်”ဆိုသည်မှာ သာမန်စဉ်းစားကာ စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာသော သီးနှံများကိုရောင်းမည်။ မြေရှိ၍ မြေယာပြင်ချိန်တွင် ပြင်လိုက်၊ စိုက်ချိန်တွင်စိုက်လိုက်၊ ပေါင်းနုတ်ချိန်၊ မြေဩဇာကျွေးချိန်၊ ရိတ်ချိန်တွင်နုတ်လိုက်၊ ကျွေးလိုက်၊ ရိတ်လိုက်၊ သီးနှံထွက်လာသည့်အခါ ရလာသည့်သီးနှံများကို ရောင်းလိုက်ဖြင့် ပုံမှန်နေ့စဉ်ဘဝကို လည်ပတ်ဆောင်ရွက်နေကြသည်။

“ရောင်းဖို့ စိုက်မယ်” ဆိုသည့် စိတ်ဓာတ်ရှိသူတို့သည် ရောင်းချနိုင်ရန်အဓိကဦးတည်ထားသည်။ တစ်နည်းအားဖြင့် ဈေးကွက်ကို အဓိကထားပြီး စိုက်ပျိုးထုတ်လုပ်ကြသည်။ ဈေးကွက်လိုအပ်ချက်၊ ဈေးကွက်လိုအပ်သည့် အရည်အသွေး၊ ဈေးကွက်မှ တောင်းဆိုသည့်သီးနှံ စသည့် ဈေးကွက်ကိုဦးတည်သော စိုက်ပျိုးထုတ်လုပ်ခြင်းကိုလုပ်ဆောင်ပြီး သီးနှံထွက်ကုန်များကို တန်ဖိုးမြှင့်တင်ကာ ရောင်းချကြသည်။

တိုးတက်စိတ်ရှိသော တောင်သူများသည် “အထွက်နှုန်းတိုးချင်ပါတယ်”၊ “သီးနှံအရည်အသွေးတွေ ကောင်းချင်ပါတယ်” စသည့် ပိုမိုတိုးတက်သော အခြေအနေများကို လိုချင်ကြောင်း စကားအဖြစ် ပြောရုံမျှမဟုတ်ဘဲ လက်တွေ့တွင် စိုက်ပျိုးရေးနည်းပညာများကို လေ့လာကြသည်၊ စိုက်ပျိုး ရေးပညာရှင်များကို မေးမြန်းကြသည်၊ သတင်းအချက်အလက်နှင့် နည်းပညာများကို နည်းလမ်းပေါင်းစုံဖြင့် ရယူကြပါသည်။

တိုးတက်စိတ်ရှိသော တောင်သူတို့၏ လေ့လာရေးခရီး

တိုးတက်စိတ်ရှိသော တောင်သူတို့သည် စိုက်ပျိုးရေးအသိပညာနှင့် နည်းပညာများကို လေ့လာသင်ယူရန် အမြဲတမ်းကြိုးစားနေလျက်ရှိသည်။ ယခုနှစ် ဇွန်လဆန်းက ရန်ကုန်တိုင်း ဒေသကြီးမှ တိုင်းတောင်သူအကျိုးပြုအဖွဲ့ အဖွဲ့ဝင်များသည် စိုက်ပျိုးရေးဦးစီးဌာန၏ အမေးအဖြေဌာန (Call Center) သို့ လေ့လာရေးခရီး လာရောက်ခဲ့ကြသည်။ အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းမြင့်အပါအဝင် စုစုပေါင်းတောင်သူ ခုနစ်ဦးဖြစ်သည်။

ထိုတောင်သူများသည် Call Center စဖွင့်စဉ်ကတည်းက အမြဲတမ်းမေးမြန်းနေသော တောင်သူများဖြစ်သည်။ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာ၊ မျိုးစေ့အကြောင်း၊ ပိုးမွှားရောဂါနှိမ်နင်းနည်း၊ ကာကွယ်နည်းများအကြောင်း၊ သဘာဝပိုးသတ်ဆေး/ ပိုးနှင်ဆေးများအကြောင်း၊ မြေဩဇာများအကြောင်း၊ သဘာဝမြေဩဇာများ၊ သစ်စိမ်းမြေဩဇာများ၊ အီးအမ်အကြောင်း စသည်ဖြင့် အစုံအလင်မေးမြန်းကြပြီး သီးနှံများနှင့်ပတ်သက်၍လည်း စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီ စိမ်း၊ သရက် စသည့် သီးနှံမျိုးစုံအကြောင်းတို့ကို မေးမြန်းကြသည်။

ထိုနေ့က တောင်သူများသည် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ Call Center မှ တာဝန်ရှိဝန်ထမ်းများကလည်း အသေးစိတ် စိတ်ရှည်လက်ရှည် ရှင်းလင်းကြသည်။ မေးမြန်းသူနှင့် ဖြေကြားသူတို့၏ လေလှိုင်းမှရင်းနှီးမှုသည် လက်တွေ့ဘဝတွင် မျက်နှာဆိုင်တွေ့ဆုံပြီး ရင်းနှီးဖော်ရွေမှု၊ ခင်မင်မှုနှင့်ဝမ်းသာပီတိဖြစ်မှုတို့ကို ဖော်ပြသည့်ပွဲဟုဆိုလျှင် မမှားနိုင်ပေ။ တိုးတက်စိတ်ရှိသော တောင်သူတို့၏ လေလှိုင်းမှမေးမြန်းခြင်းအပြင် လက်တွေ့လာရောက် လေ့လာဆွေးနွေးမေးမြန်းကြခြင်းမှာ အတုယူစရာ၊ လေးစားစရာပင်ဖြစ်သည်။

တိုးတက်စိတ်ရှိသော တောင်သူများသည် တစ်ဦးတည်းစိုက်ပျိုးထုတ်လုပ်နေမည့်အစား အသင်းအဖွဲ့များဖွဲ့စည်းကာ မိမိရောသူတစ်ပါးရော အားလုံးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြသည်။

ကိုရီးယားမှ တောင်သူအစုအဖွဲ့

ကိုရီးယားမှာမဟာသိပ္ပံသင်တန်းတက်စဉ်က Nonghyup ဟုခေါ်သော တောင်သူအစုအဖွဲ့အကြောင်းကို သင်ကြားခဲ့ရသည်။ အစပိုင်းတွင် တောင်သူ ၅ ဦး၊ ၁၀ ဦးဖြင့် စတင်ဖွဲ့စည်းပြီး စပါးရိတ်သိမ်းပြီးလျှင် စပါးနှစ်တင်းသုံးတင်းကို စတင်စုဆောင်းခဲ့ကြသည်။ အသင်းဝင်များကငွေစုပြီး အသင်းဝင်များကို ပြန်လည်ထုတ်ချေးပေးခြင်း၊ သွင်းအားစုများ စုပေါင်းဝယ်ခြင်း၊ သီးနှံထွက်ကုန်များ စုပေါင်းရောင်းချခြင်း စသည့်လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့စတင်လာခဲ့သော အသင်းအဖွဲ့သည် ယနေ့ခေတ်တွင် ဘဏ်လုပ်ငန်းအပါအဝင် လုပ်ငန်းများစွာကိုလုပ်ကိုင်၍ အလွန်ဖွံ့ဖြိုးတိုးတက်နေပြီး ပြည်တွင်းတွင် ဘဏ်ခွဲပေါင်း ၁၀၀၀ ကျော်နှင့် ပြည်ပတွင် ဘဏ်ခွဲ ၁၂ ခု ဖွင့်လှစ်နိုင်သည်အထိ အောင်မြင်ခဲ့သည်။

အမေရိကန်မှ တောင်သူအစုအဖွဲ့

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတွင် တာဝန်ထမ်းဆောင်စဉ်က အမေရိကန်ပြည်ထောင်စုဝါရှင်တန်အာလူးကုမ္ပဏီ (Washington Potato Company) မှ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ လေ့လာရေးလာခဲ့ကြသည်။ အာလူးစိုက်ပျိုးသည့် တောင်သူများသည်အစုအဖွဲ့ဖြင့် လုပ်ဆောင်ကြပြီး အာလူးပညာရှင်များနှင့် စီမံ ခန့်ခွဲရေးပညာရှင်များကို လစာပေး၍ ခန့်ထားသည်ဟု သိခဲ့ရသည်။ ပညာရှင်များက အာလူးမျိုးများနှင့် အာလူးစိုက်ပျိုးနည်းများကို ရှာဖွေပေးခြင်း၊ အာလူးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အာလူးဈေးကွက်များ ရှာဖွေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်ဟု ပြောပြခဲ့ကြသည်။ အာလူးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းကိုသာ အဓိကအာရုံစိုက်လုပ်ဆောင်ကြရသည်။ ယနေ့ခေတ်တွင် အာလူးစိုက်တောင်သူအဖွဲ့က ဖွဲ့စည်းထားသော ၎င်းကုမ္ပဏီသည် အာလူးစိုက်ပျိုးခြင်းကိုသာမက အာလူးတန်ဖိုးမြှင့်ထုတ်ကုန် အမျိုးအစားအစုံအလင်ကိုထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တောင်သူအကျိုးပြုအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး တိုင်းတောင်သူအကျိုးပြုအဖွဲ့ကို ကျေးရွာ ၄၀ မှ တောင်သူ ၈၀၀၀ ဖြင့် ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ လုပ်ဆောင်သောလုပ်ငန်းများမှာ မျိုးသန့်စပါးနှင့် မျိုးသန့်ပဲကို တောင်သူကိုယ်တိုင်စိုက်ပြီး ရောင်းချခြင်း၊ ပဲကိုစုပေါင်းရောင်းဝယ်ခြင်း၊ ဓာတ်မြေဩဇာကို စုပေါင်းဝယ်ယူခြင်း၊ စိုက်ပျိုးရေးနည်းပညာ၊ မြေဆီလွှာအကြောင်း၊ သဘာဝမြေဩဇာပြုလုပ်နည်း စသည်တို့ကိုသင်ကြားပေးခြင်း၊ တောင်သူများတိုးတက်ရာ တိုးတက်ကြောင်း အသိပညာဗဟုသုတများပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နေသည်။ အသင်းအဖွဲ့ဝင် တောင်သူများသာမက အခြားစိတ်ပါဝင်စားသော တောင်သူများကိုလည်း သင်တန်းပေးလျက်ရှိသည်။

ယခင်နှစ် ၂၀၂၃ ခုနှစ်မှစတင်ပြီး အသင်းဝင်ကြေးတစ်နှစ်လျှင် တစ်ဦး ငွေကျပ် ၂၀၀၀ နှုန်း သတ်မှတ်ကောက်ခံလျက်ရှိသည်။ ယခင်ကအသင်း ဝင်တောင်သူများသည် အသင်းအပေါ် စိတ်ဝင်စားမှု အားနည်းခဲ့ပြီး အသင်း၏တာဝန်ရှိသူများက စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းရောင်းချခြင်း၊ စိုက်ပျိုးရေးနည်းပညာပေးခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ မျိုးသန့်များထုတ်လုပ်ရောင်းချခြင်းနှင့် ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကြောင့် အသင်းအပေါ် ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။

အစုအဖွဲ့ဖြင့် ဆောင်ရွက်လျှင်

ကျွန်တော်တို့မြန်မာနိုင်ငံတွင် တောင်သူများ အသင်းအဖွဲ့ဖြင့်ဆောင်ရွက်ခြင်းသည် ယခုထက် ပိုမိုများပြားသင့်သည်။ စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်သူလယ်သမားများ မျိုးစေ့ထုတ်ရာတွင် အစုအဖွဲ့ဖြင့်ဆောင်ရွက်ပြီး မျိုးစေ့ထုတ်လုပ်သူအသင်းများ ဖွဲ့စည်းရေးကို အားပေးကူညီလျက်ရှိသည်။ အစုအဖွဲ့သည် အစပိုင်းတွင် သေးငယ်မည်ဖြစ်သော်လည်း အစုအဖွဲ့စည်းကမ်းများခိုင်မာခြင်း၊ အစုအဖွဲ့စိတ်ဓာတ်ရှိခြင်း၊ အစုအဖွဲ့လုပ်ငန်းများ ပွင့်လင်းမြင်သာခြင်း၊ အဖွဲ့ဝင်အချင်းချင်း ရိုင်းပင်းကူညီခြင်း စသည်တို့ရှိလျှင် ရေရှည်ကာလတွင် ကြီးမားသောအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်သည်။

အစုအဖွဲ့ဖြင့်ဆောင်ရွက်လျှင် သွင်းအားစုများဝယ်ယူရာတွင် စုပေါင်းဝယ်ယူနိုင်သဖြင့် ဈေးနှုန်းချိုသာနိုင်ခြင်း၊ သီးနှံထွက်ကုန်များကို စုပေါင်းရောင်းချနိုင်သဖြင့် ဈေးပိုမိုရရှိနိုင်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ရာတွင်ကြုံတွေ့ရသော ပြဿနာနှင့်အခက်အခဲများကို စုပေါင်းဖြေရှင်းနိုင်ခြင်း၊ လိုအပ်သော အသိပညာ၊ နည်းပညာနှင့် သတင်းအချက်အလက်များကို အချင်းချင်းဖလှယ်နိုင်ခြင်းနှင့်အတူ တကွလေ့လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှ တောင်သူလယ်သမားများအနေဖြင့် တိုးတက်စိတ်ကို အမြဲတမ်းမွေးမြူကာ အသင်းအဖွဲ့များဖွဲ့စည်းပြီး စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ကြရန် အကြံပြုအပ်ပါသည်။ သို့မှသာ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီး စီးပွားရေးကြွယ်ဝချမ်းသာကာ လူနေမှုဘဝ မြင့်မားလာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။