Skip to main content

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် ဥပဒေစိုးမိုးရေးကိစ္စတစ်ရပ်သာမက နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်းဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့ကျင်းပသည့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းနှင့် ဥပဒေဆိုင်ရာ သိမြင်နားလည်မှုများ တိုးမြှင့်ပေးခြင်းသည် ဝန်ထမ်းများ၏ ကျင့်ဝတ်စံနှုန်းမြင့်မားလာစေရေး၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု ပိုမိုခိုင်မာလာစေရေးအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အခမ်းအနားမှ ရရှိသည့်အသိပညာ၊ အတွေ့အကြုံများကို လက်တွေ့အသုံးချပြီး မိမိတို့အဖွဲ့အစည်းအတွင်း ပြန်လည်မျှဝေရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းသော ဝန်ကြီးဌာန၊ ပြည်သူယုံကြည် အားထားရသောအဖွဲ့အစည်းနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ် တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

တိုက်တွန်းပြောကြား

အလားတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော်ဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့ တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ၊ အားသာချက်အားနည်းချက်များကို သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်