Skip to main content

နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျအပ်နှံလုပ်ဆောင်နိုင်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဩဂုတ် ၇

နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင် ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျအပ်နှံလုပ်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစီးသည့် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃ ရက်တွင် ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ၅ ချက် ချမှတ်ကာ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်၊ အဖွဲ့ဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က မိမိတို့ဌာနများ၏ ပုံနှိပ်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့ဌာနအလိုက် နှစ်စဉ်လုပ်ငန်းအပ်နှံဆောင်ရွက်နေမှု၊ ဆက်လက်အပ်နှံဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရှိ ပတ်လည်ပုံနှိပ်စက်များ၊ ရွက်ထိုးပုံနှိပ်စက်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ဌာနများရှိ ပုံနှိပ်စက်များ၊ သာသနာရေးဝန်ကြီး ဌာနပိုင်ပုံနှိပ်စက်များတွင် ပုံနှိပ်လုပ်ငန်းများ အချိန်မီအပ်နှံဆောင်ရွက်နိုင်ကြောင်း သိရသည်။

သတင်းစဉ်