Skip to main content

ခရိုင်အဆင့် အသက် (၁၄) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D CUP 2026 ဘောလုံးပြိုင်ပွဲ ကျင်းပ

တွံတေး ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U–14 Boys Royal–D CUP 2026 ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက တွံတေးမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကစားမည့် တွံတေး မြို့နယ်မှ အလက (ပြသတိုက်)၊ ဒလမြို့နယ်မှ အထက (ပျော်ဘွယ်ကြီး)၊ ကော့မှူးမြို့နယ်မှ အလက (ပိန္နဲကုန်း)၊ ကွမ်းခြံကုန်းမြို့နယ်မှ အထက (ဝက်ကိုက်) နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် မှ အလက (ခနောင်တို) တို့မှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား တွံတေးခရိုင်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။

ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် အထက (ဝက်ကိုက်) အသင်းနှင့် အလက (ခနောင်တို) အသင်းတို့ ယှဉ်ပြိုင်ကြရာ အထက ဝက်ကိုက်အသင်းက အလက ခနောင်တိုအသင်းကို ငါးဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် အလက (ပြသတိုက်) အသင်းနှင့် အထက (ပျော်ဘွယ်ကြီး) အသင်းတို့ ယှဉ်ပြိုင်ကြရာ ပွဲစဉ်တွင် ဂိုးမရှိသရေဖြစ်နေ၍ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းကြရာ တွံတေးမြို့နယ် အလက (ပြသတိုက်) အသင်းက အထက (ပျော်ဘွယ်ကြီး) အသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U-14 Boys Royal-D CUP 2026 ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ငါးမြို့နယ်မှ အသင်းငါးသင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇူလိုင် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

မျိုးလှိုင်(တွံတေး)